အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေသည့်အကြားမှ ရှေ့လတွင် ဘရာဇီးနိုင်ငံ၌ ကျင်းပပြုလုပ်မည့် BRICS ထိပ်သီး အစည်းအဝေး သို့ မိုဒီတက်ရောက်ဖွယ်ရှိ

News Image

  • အမေရိကန်အစိုးရက အနီးကပ်စောင့်ကြည့်နေသည့်အကြားမှ ရှေ့လတွင် ဘရာဇီးနိုင်ငံ၌ ကျင်းပပြုလုပ်မည့် BRICS ထိပ်သီး အစည်းအဝေး သို့ မိုဒီတက်ရောက်ဖွယ်ရှိ

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ရှေ့လတွင် ကျင်းပရန်ရှိသည့်  BRICS ထိပ်သီးအစည်းအဝေး တက်ရောက်ရန်အတွက် ရေရိုဒီဂျနေရိုးမြို့သို့ သွားရောက်ဖွယ်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါသည်။ အဆိုပါ အစည်းအဝေးသည် G7 အဖွဲ့နှင့် အားပြိုင်ဖြစ်လာမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အဖွဲ့ဖြစ်သဖြင့် အမေရိကန်ပြည်ထောင်စု ထရမ့် အစိုးရအဖွဲ့က အနီးကပ်စောင့်ကြည့်လေ့လာခြင်းခံနေရပါသည်။ ယင်းအစည်းအဝေးသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်မည်ဖြစ်ပြီး၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အီရန်၊ အီဂျစ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ခေါင်းဆောင်များလည်း အတူတကွတက်ရောက်ကြဖွယ်ရှိပါသည်။

မစ္စတာမိုဒီ၏ အဆိုပါအစည်းအဝေးတက်ရောက်မှုသည် ပါကစ္စတန်နှင့် လေးရက်ကြာပဋိပက္ခ၊ အကြမ်းဖက် တိုက်ဖျက်ရေး ဆင်နွှဲပြီးနောက် တက်ရောက်ခြင်းဖြစ်ပါသည်။ ယင်းစီးပွားရေးအုပ်စုကြီး၏ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်ရပ်သည် အိန္ဒိယအတွက်အရေးပါသည့် ကြေညာချက် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုပါသည်။  တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက ရုရှားနိုင်ငံ၊ Kazanတွင် ကျင်းပခဲ့သည့် BRICS ထိပ်သီး အစည်း အဝေးကာလ ဘေးဘန်းတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီးသည့်နောက် ထပ်မံတွေ့ဆုံမှုမရှိခြင်း၊ Operation Sindoor ကာလ အတွင်း ပါကစ္စတန်နိုင်ငံကို တရုတ်မှ ကူညီပေးခဲ့ခြင်းတို့နှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဆက်ဆံရေးကို စိတ်ဝင်တစား စောင့်ကြည့် လေ့လာလျက်ရှိကြရာ၊ ဇွန်လအတွင်း တိဘက်ဒေသ Kailash Mansarovar Yatra သို့ အိန္ဒိယ ဘုရားဖူး ခရီးသွားများ သွားရောက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး အသစ်တဖန် ပြန်လည်စတင်ရန် ပြင်ဆင်လျက်ရှိပါသည်။ 

Operation Sindoor နောက်ပိုင်းအကြမ်းဖက်မှုတိုက်ဖျက်ရေးသည် အိန္ဒိယနိုင်ငံ၏ အဓိကသော့ချက်ဖြစ်ပြီး၊ အိန္ဒိယ ဝန်ကြီးချုပ်၏ BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းနှင့် အစည်းအဝေးကာလအတွင်း အခြား ကုန်သွယ်မှု ငွေကြေးအမျိုးအစားများ ရှာဖွေသတ်မှတ်လာနိုင်ဖွယ်ရှိခြင်းတို့သည် အမေရိကန်နိုင်ငံအတွက် စိုးရိမ်ပူပန်လျက် ရှိပါသည်။

ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ