မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားများ လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့်အမြင်အယူအဆမတူသူ အပြစ်မဲ့ အရပ်သားပြည်သူများအား “သူလျှို၊ ဒလန်၊ သတင်းပေး” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာရှိ ကျေးရွာနေပြည်သူများက ကျေးရွာမြောက်ဘက် မီတာ ၄၀၀ ခန့်အကွာရှိ ယာခင်းအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ဦးခန့်(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်ပေးနေသည့် ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် ကျေးရွာအနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ လယ်ဘဲ့(တောင်)ကျေးရွာသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကျေးရွာပြည်သူ့စစ်အဖွဲ့ဝင် ဦးအောင်ကြိုင်(၄၃)နှစ်နှင့် ကျေးရွာနေပြည်သူများဖြစ်ကြသည့် မောင်စိုင်း(၁၄)နှစ်တို့ နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးချိန်အို(၅၂)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် အဆိုပါကျေးရွာ၌ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA