Quicksink ဗုံးစနစ်သစ်ကို အမေရိကန် မဟာဗျူဟာမြောက် ကိုယ်ပျောက်ဗုံးကြဲ လေယာဉ်က စမ်းသပ်ပစ်လွှတ်
B-2 Spirit အမျိုးအစား အမေရိကန် မဟာဗျူဟာမြောက် ကိုယ်ပျောက်ဗုံးကြဲလေယာဉ် တစ်စင်းသည် စစ်သင်္ဘောကြီးများကို တိုက်ခိုက်ဖျက်ဆီးရန် ထုတ်လုပ်ထားသော Quicksink ဗုံးစနစ်သစ်ကို စမ်းသပ်ခဲ့ကြောင်း Newsweek မဂ္ဂဇင်းက အမေရိကန်လေတပ်၏ ပြောကြားချက်ကို ကိုးကား၍ ဇွန်လ ၅ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ အမေရိကန်ကိုယ်ပျောက် ဗုံးကြဲလေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာအတွင်း တရုတ် ရေတပ်မတော်က စစ်ရေးတည်ဆောက်မှု မြင့်တက်လာချိန်တွင် ၎င်းဗုံးစနစ်သစ်ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ စစ်သင်္ဘောနစ်မြုပ်ရန် ဒီဇိုင်းထုတ်ထားသည့် “တော်လှန်သော” လက်နက်ကို စမ်းသပ်ခဲ့သည်။
ယခုတစ်ကြိမ်စမ်းသပ်ခဲ့သည့် ဗုံးစနစ်အသစ်မှာ အလေးချိန် ပေါင် ၅၀၀ ရှိ ဝေဟင်သုံးဗုံး အမျိုးအစားဖြစ်သည်။
လက်ရှိ တရုတ်ရေတပ်မတော်တွင် စစ်ရေယာဉ်နှင့် ရေငုပ်သင်္ဘော အစင်းရေ ၃၇၀ ခန့်ရှိပြီး အမေရိကန် ရေတပ်မတော်ထက် အရေအတွက်အားဖြင့် သာလွန်နေသည်ဟု Newsweek မဂ္ဂဇင်းက ဆက်လက်ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသည် ယခုနှစ် မေလ ၂၁ ရက်တွင်လည်း စမ်းသပ်ရန် စီစဉ်ထားသည့် Minuteman III တိုက်ချင်းပစ်ဒုံးကျည် (ICBM)တစ်စင်းကို ပစ်လွှတ်ခဲ့သည်။ ၎င်းဒုံးကျည်၏ ထိပ်ဖူးသည် မိုင်ပေါင်း ၄၂ဝဝ ခန့်အထိ ရောက်ရှိနိုင်သည်။
MWD Web Portal