လျှပ်စစ်စွမ်းအင်သာသီးသန့်သုံးမယ့် ကမ္ဘာ့အကြီးဆုံး လူတင်-ကားသယ်သင်္ဘော

News Image

  • လျှပ်စစ်စွမ်းအင်သာသီးသန့်သုံးမယ့် ကမ္ဘာ့အကြီးဆုံး လူတင်-ကားသယ်သင်္ဘော

ဖင်လန်ပင်လယ်ကွေ့တစ်လျှောက် အစိမ်းရောင်ရေကြောင်းစင်္ကြံတစ်ခုကိုဖန်တီးဖို့အတွက် ဖင်လန် သင်္ဘောကုမ္ပဏီတစ်ခုက လျှပ်စစ်စွမ်းအင်တစ်ခုတည်းကိုသာအသုံးပြုတဲ့ ကမ္ဘာ့အကြီးဆုံးသော လူတင်-ကားသယ်သင်္ဘောကို ထုတ်ဖော်ပြသလိုက်ပါတယ်။

Helios လို့အမည်ပေးထားတဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောကို Viking Line ဆိုတဲ့သင်္ဘောကုမ္ပဏီက ဟယ်ဆင်ကီမြို့နဲ့ တယ်လင်းမြို့တို့ကြားမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်တဲ့ လမ်းကြောင်းတစ်ခုကိုဖော်ဆောင်ဖို့ရည်မှန်းကာ ထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့အမှန်တကယ်လုပ်ငန်းဆောင်တာများကိုတော့ ၂၀၃၀ ပြည့်နှစ်အလွန်ကာလများမှာ စတင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

အလျားက ပေ ၆၄၀၊ ဗြက်က ၉၈ ပေရှိတဲ့ Helios သယ်ယူပို့ဆောင်ရေးသင်္ဘောဟာ ခရီးသည်ဦးရေ ၂၀၀၀၊ မော်တော်ကားအစီးရေ ၆၅၀ တို့ကိုတင်နိုင်မှာဖြစ်ပြီး သူ့ကိုမောင်းနှင်နိုင်ဖို့အတွက် မဂ္ဂါဝပ်နာရီ ၈၅ မှ ၁၀၀ ကြားထွက်ရှိတဲ့ ဘက်ထရီစနစ်တစ်ခုမှ စွမ်းအင်ရယူထားတာဖြစ်ပါတယ်။

ဒီလိုများပြားလှတဲ့ဘက်ထရီစွမ်းအင်ပမာဏက ဟယ်ဆင်ကီနဲ့ တယ်လင်းမြို့ကြား ကီလိုမီတာ ၈၀ ကျော်ရှိတဲ့ ခရီးလမ်းကြောင်းကို အမြန်နှုန်းအဖြစ် ရေမိုင် ၂၃ မိုင်နှုန်းနဲ့ အချိန် ၂ နာရီဝန်းကျင်ကြာခုတ် မောင်းနိုင်စေဖို့လုံလောက်ပါတယ်။ ဘက်ထရီအားသွင်းခြင်းကိုတော့ ဆိပ်ကမ်းမှာဆိုက်ကပ်တဲ့အချိန် တိုင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

Helios ဆိုတာက ကမ္ဘာ့အကြီးဆုံးသော လျှပ်စစ်စွမ်းအင်သုံးသယ်ယူပို့ဆောင်ရေးရေယာဉ်ဖြစ်ပေမယ့် Viking Line ကုမ္ပဏီအတွက်တော့ ပထမဆုံးသော ပင်လယ်ရေကြောင်းဆန်းသစ်တီထွင်မှုမဟုတ်ခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်တုန်းက Viking Grace ဆိုတဲ့အမည်နဲ့ သင်္ဘောတစ်စင်းကိုစတင်အသုံးပြုခဲ့ပါတယ်။ အဲဒီ သင်္ဘောက သဘာဝဓာတ်ငွေ့အရည်နဲ့ ဇီဝဓာတ်ငွေ့တို့ကိုအသုံးပြုထားတာပါ။ ၂၀၂၂ ခုနှစ်မှာတော့ Viking Glory ဆိုတဲ့သင်္ဘောနဲ့ ခရီးစဉ်များကိုပြေးဆွဲခဲ့ပါသေးတယ်။ ဒီသင်္ဘောမှာဇီဝလောင်စာကိုအသုံး ပြုခဲ့တာဖြစ်တာကြောင့် ခရီးစဉ်သွားလာမှုမှကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၉၀ ရာခိုင် နှုန်းအထိလျှော့ချနိုင်ခဲ့ပါတယ်။

ဟယ်ဆင်ကီမှ တယ်လင်းဆိပ်ကမ်းအကြားခရီး သွားလာသူအရေအတွက်ဟာ ၂၀၂၄ ခုနှစ်မှာ ငါးသန်းခွဲသာရှိရာမှ ၂၀၄၀ ပြည့်နှစ်အရောက်မှာ ၁၁ ဒသမ ၆ သန်းအထိရောက်လာမယ်လို့မျှော်မှန်းပြီး အခုလိုဆန်းသစ်မှုတွေလုပ်လာတာဖြစ်ပါတယ်။

Ref: IE

ကိုထက်