လေထုညစ်ညမ်းမှုကိုတိုက်ဖျက်ရန်အတွက် လောင်စာဆီသုံး မော်တော်ဆိုင်ကယ်အသုံးပြုခြင်းကို ဗီယက်နမ်တားမြစ်မည်
ဗီယက်နမ်အစိုးရသည် နိုင်ငံအတွင်း၌ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန်အတွက် လောင်စာဆီသုံး မော်တော်ဆိုင်ကယ် အသုံးပြုခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ တားမြစ်ရန် စီစဉ်လျက်ရှိသည်။
မြို့တော်ဟနွိုင်းရှိ မြို့ခံပြည်သူ ၈ ဒသမ ၅ သန်းသည် ယခုအခါ လောင်စာဆီသုံး မော်တော်ဆိုင်ကယ်အစီးပေါင်း ခုနစ်သန်းနီးပါးကိုအသုံးပြုလျက်ရှိပြီး မြို့တော်အတွင်းဖြစ်ပွားသည့် လေထုနှင့် ရေထုညစ်ညမ်းမှုများကို လျှော့ချနိုင်ရန်အတွက် ဟနွိုင်းမြို့တော်အတွင်းပိုင်း၌ ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ်စီးနင်းအသုံးပြုခြင်းကို လာမည့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်မှစ၍ တားဆီးပိတ်ပင်ရန် ဝန်ကြီးချုပ်ဖန်မင်းချင်က ယခုနှစ်ဇူလိုင်လ ၁၂ ရက်တွင် ညွှန်ကြားချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
ဟနွိုင်းမြို့တော်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းမှုများသည် မြို့တော်၏လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်ပေါ်စေလျက်ရှိရာ မြို့တော်တွင်နေထိုင်သည့် ပြည်သူ ၄၀ ရာခိုင်နှုန်း ခန့်သည် ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန် ထားသည့် လေထုညစ်ညမ်းမှုပမာဏထက် ငါးဆနီးပါးဆိုးရွားသည့် ညစ်ညမ်းမှုများနှင့်ရင်ဆိုင်နေရသည်။
ဗီယက်နမ်နိုင်ငံသည် အာရှဒေသတွင် အလျင်အမြန်ဖွံ့ဖြိုးတိုးတက်နေပြီး ဒေသတွင်းကုန်ပစ္စည်း ထုတ်လုပ်ရေး အချက်အချာဒေသတစ်ခု ဖြစ်သော်လည်း လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူ ၆၀၀၀၀ ခန့် သေဆုံးရလျက်ရှိသည်။
မော်တော်ဆိုင်ကယ်များ၊ အလုပ်ရုံနှင့် စက်ရုံများမှထွက်ရှိသည့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကြောင့် ဟနွိုင်းမြို့တော်၌ ကျဆင်းလျက်ရှိသော အဆိပ်အတောက်ဖြစ်စေသည့် မြူမှုန်များသည် မြို့တော်နေပြည်သူများ၏ ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေသည်။
Ref: St
MWD Web Portal