လာမည့် ၃ နှစ်ခွဲအတွင်း လပေါ်တွင် အခြေချနေထိုင်ရန် အမေရိကန် ပြင်ဆင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း မကုန်မီ သုံးနှစ် ခွဲအတွင်း လပေါ်သို့ အာကာသယာဉ်မှူးများ ဆင်းသက်ရန် စီစဉ် နေကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် အမျိုးသား လေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေး (NASA) ၏ ယာယီဒါရိုက်တာ Sean Duffy က ပြောကြားလိုက်ပါသည်။
"နောက်နှစ်မှာ ကျွန်တော်တို့ လ ဆီသို့ ပြန်သွားမည်ဖြစ်ပြီး ပြန်လည် ဆင်းသက်မည်မဟုတ်ဘဲ လကို ပတ်၍ တစ်နှစ်ခန့် ကြာသည့်အချိန်မှ ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းကာလအတွင်းမှာပဲ လပေါ်မှ ပြန်လည် ဆင်းသက်သွားမည်ဖြစ်ပါသည်" ဟု Fox News ရုပ်သံလိုင်းနှင့် အင်တာဗျူး တွင် ၎င်းက ပြောကြားထားပါသည်။
"ထို့အပြင် မိမိတို့အနေဖြင့် လပေါ်တွင် အခြေချစခန်းတစ်ခု ထူထောင် သွားပြီး လပေါ်မှာပဲ ဆက်လက် နေထိုင်သွားမည်ဖြစ်ပါသည်။ လပေါ်မှ လေ့လာသင်ယူရရှိခဲ့သည်က မိမိတို့ကို အင်္ဂါဂြိုဟ်ဆီ ခေါ်ဆောင်သွားမည့် အရာတွေ ဖြစ်လာပါလိမ့်မည်" ဟု Duffy က ဆက်လက်ပြောကြားထား ပါသည်။
၂၀၁၉ ခုနှစ် နွေဦးရာသီတွင် NASA သည် အဆင့်သုံးဆင့်ပါဝင်သော Artemis lunar စီမံကိန်းကို ကြေညာခဲ့ပါသည်။ ၎င်းတို့ထဲမှ ပထမဆုံး (Artemis I) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဆောင်ရွက်ခဲ့ပါသည်။ ယခင်က Artemis II အဆင့်နှင့် Artemis III အဆင့်တို့ကို ၂၀၂၂ နှင့် ၂၀၂၄ ခုနှစ်တို့တွင် အသီးသီး စီစဉ်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့်မဆောင်ရွက်နိုင်ခဲ့ချေ။ ထိုအဆင့်တို့အား ၂၀၂၆ ဧပြီလ နှင့် ၂၀၂၇ နှစ်လယ်ပိုင်းတွင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာလက NASA မှ ပြောကြားခဲ့ပါသည်။
ကိုးကား- Tass
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo- NPR