ဝါးခယ်မမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၁၀၅၅ ဧက စိုက်ပျိုးသွားမည်
မြောင်းမြ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖို ဆောင်သီးနှံစုံ ၁ဝ၅၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝါးခယ်မမြို့နယ်တွင် မိုးသီးနှံ စိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ လျာထား ၁ဝ၅၅ ဧကကို ယခုနှစ် ဇွန်လစတုတ္ထပတ်တွင်စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မိုးသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
“မိုးသီးနှံစိုက်တဲ့ကာလမှာ စားဖိုဆောင်သီးနှံတွေ လျာထား ဧကပြည့်မီအောင် စိုက်ပျိုးမှာဖြစ် ပါတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေမှာ ပိုးမွှားအန္တရာယ်ကင်းရှင်းစေဖို့နဲ့ စားဖိုဆောင်သီးနှံတွေ အရည်အသွေးကောင်းပြီး အထွက်နှုန်းတိုးဖို့၊ ဈေးကွက်ဝင်သီးနှံဖြစ်ဖို့အတွက် မျိုးကောင်းမျိုးသန့်တွေ၊ နည်းပညာတွေနဲ့ အခြားပံ့ပိုးမှုတွေကို သီးနှံမစိုက်မီ စိုက်ပျိုးရေးဦးစီး ဌာနက ဆောင်ရွက်ပေးနေပါတယ်။ ဒီနှစ် စားဖိုဆောင်သီးနှံကို အစုံစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်" ဟု မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့် က ပြောပြသည်။
ဝါးခယ်မမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာတွင် ပန်းဂေါ်ဖီ၊ ကြက်သွန်၊ နံနံ၊ မုန်လာထုပ်၊ တိုင်ထောင်ပဲ၊ ခရမ်း၊ ဘူး၊ ကန်စွန်း၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ ပဲပုစွန် စသည့်သီးနှံများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
စားဖိုဆောင်သီးနှံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စားဖိုဆောင်သီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းသင့်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့် က ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ