အစ္စရေး-အီရန်ပဋိပက္ခကြောင့် ရေနံစျေးများ မြင့်တက်

News Image

  • အစ္စရေး-အီရန်ပဋိပက္ခကြောင့် ရေနံစျေးများ မြင့်တက်

ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့) တွင် အစ္စရေးနှင့် အီရန်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ခြင်းကြောင့် ဇွန်လ ၁၆ ရက် (တနင်္လာနေ့) တွင် အာရှစျေးကွက်အတွင်း ရေနံစျေးများ မြင့်တက်လာခဲ့သည်။ ထိုကဲ့သို့ အစ္စရေး-အီရန်စစ်ပွဲ အရှိန်မြင့်တက်လာခြင်းသည် ဒေသတွင်း နိုင်ငံများကို သက်ရောက်မှုရှိစေရုံသာမက အရှေ့အလယ်ပိုင်းမှ ရေနံတင်ပို့မှုများကို ပိုမိုနှောင့်နှေးစေနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာသည်။ 

အစ္စရေးနှင့် အီရန်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခြင်းကြောင့် အရှေ့အလယ်ပိုင်းမှ ရေနံသယ်ယူပို့ဆောင်ရာတွင် အဓိက အရေးပါသည့် Hormuz ရေလက်ကြားမှ ရေနံသယ်ယူပို့ဆောင်ရေးအား ထိခိုက်စေမည်ကို စိုးရိမ်မှုများ ပိုမိုမြင့်တက်လာသည်။ ကမ္ဘာ့ရေနံ စုစုပေါင်းသုံးစွဲမှု၏ ၅ ပုံ ၁ ပုံခန့် (တစ်နေ့လျှင် ရေနံဆီ၊ လေဆီ နှင့် လောင်စာဆီ ၁၈ မှ ၁၉ မီလီယံ) သည် Hormuz ရေလက်ကြားမှ တစ်ဆင့် သယ်ယူပို့ဆောင်လေ့ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့)တွင် အစ္စရေးနှင့် အီရန်တို့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သော်လည်း နိုင်ငံတစ်ချို့သည် တစ်ခါတရံ အပြန်အလှန်တိုက်ခိုက်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံအနေဖြင့် အစ္စရေးအား ဆက်လက် ထောက်ပံ့ မည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ၌ ဇွန်လ ၁၅ ရက် (တနင်္ဂနွေနေ့)တွင် စတင်ကျင်းပမည့် G7 ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အဆိုပါပဋိပက္ခကို ဖြေရှင်း နိုင်ရန်နှင့် နှစ်နိုင်ငံတင်းမာမှုအခြေအနေ ပိုမိုမြင့်တက်မလာစေရန် သဘောတူညီမှုရရှိမည်ဟု မျှော်လင့်ကြောင်း ဂျာမနီ၏ ဝန်ကြီးချုပ် Friedrich Merz က ပြောကြားခဲ့သည်။ 

OPEC အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့် အီရန်နိုင်ငံသည် လက်ရှိတွင် တစ်နေ့လျှင် ရေနံနှင့် လောင်စာဆီ စည်ပေါင်း ၃.၃ သန်းဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး ၂ သန်းကျော်အား တင်ပို့လျက်ရှိသည်။ OPEC နှင့် ရုရှားအပါအဝင် ၎င်း၏မဟာမိတ်နိုင်ငံများသည် အစ္စရေး-အီရန် ပဋိပက္ခကြောင့် ရေနံတင်ပို့မှုအား ထိခိုက်လာမည်ကို စိုးရိမ်သည့်အတွက် အကြမ်းအားဖြင့် အီရန်၏ ရေနံထုတ်လုပ်မှုပမာဏနှင့် ညီမျှသည့် ရေနံအား ပိုမိုထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း လေ့လာသူများနှင့် OPEC အား စောင့်ကြည့် လေ့လာသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ကိုးကား - CAN 

Photo: Business Recorder

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃