ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်း ၃၁၁၆ ဧကစိုက်ပျိုးပြီးစီး
ပွင့်ဖြူ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်း ၃၁၁၆ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက ၂၄၇၂၀ စိုက်ပျိုးရန် လျာထားပြီး ဇွန်လပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ၃၁၁၆ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူ မြို့နယ်အတွင်း နှမ်းဧက ၂၄၇၂၀ စိုက်ပျိုးဖို့ လျာထားဆောင်ရွက်ခဲ့တာ လက်ရှိအချိန် ထိ ၃၁၁၆ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေတဲ့အပြင် အထွက်နှုန်းကောင်းမွန်ဖို့နဲ့ အရည်အသွေးကောင်းမွန်ဖို့အတွက် တောင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ နှမ်းစိုက်တောင်သူများ လျာထားဧကပြည့်မီအောင် စိုက်ပျိုး နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားရောဂါ ကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နှမ်းကိုအထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း သိရသည်။
MWD Web Portal