EU ခေါင်းဆောင်များက ရုရှားဓာတ်ငွေ့ တင်သွင်းမှုလုံးဝရပ်ဆိုင်းရန် ထောက်ခံ

News Image

  • EU ခေါင်းဆောင်များက ရုရှားဓာတ်ငွေ့ တင်သွင်းမှုလုံးဝရပ်ဆိုင်းရန် ထောက်ခံ

ဥရောပကော်မရှင်သည် ၂၀၂၇ ခုနှစ်နှောင်းပိုင်းတွင် ရုရှားမှ ဓာတ်ငွေ့ အရင်းအမြစ်များ တင်သွင်းမှုကို အဆင့်ဆင့်ရပ်ဆိုင်းရန် အဆိုပြုလိုက်ပါသည်။ စွမ်းအင်ကော်မရှင်နာ Dan Jorgensen က ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ၏ သဘောတူညီချက်ဖြင့် ၂၀၂၆ ခုနှစ် မှစ၍ ရုရှားနှင့် ဓာတ်ငွေ့စာချုပ်အသစ်များ ချုပ်ဆိုခြင်းကို တားမြစ်ပြီး ၂၀၂၇ တွင် “လုံးဝဖြတ်တောက်ရန်” အစီအစဉ်ကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၈) က ကြေညာခဲ့သည်။

ယင်းအဆိုပြုချက်သည် ဟန်ဂေရီ၊ ဩစတြီးယားနှင့် ဆလိုဗက်ကီးယား တို့က ကန့်ကွက်နေပြီး အီတလီကလည်း ဆန့်ကျင်နေသည်ဟု သိရသည်။ Financial Times ၏ ဖော်ပြချက်အရ ယင်းဥပဒေကြမ်းအား ကုန်သွယ်ရေး ဥပဒေအဖြစ် တင်သွင်းမည်ဖြစ်ကာ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘော တူညီချက် မလိုအပ်ဘဲ အတည်ပြုနိုင်မည်ဖြစ်သည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က အဆိုပြုချက်အား “လုံးဝအကြံမဲ့သည့် အဆိုပြုချက်” ဟု ဝေဖန်ကာ ကုန်စျေးနှုန်းများ ပိုမို မြင့်တက်စေပြီး နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ဝန်ကြီးချုပ် Viktor Orban ကလည်း ယင်းအဆိုကို တားဆီးရန် ကတိပြုထားသည်။

“ယနေ့တွင် မိမိတို့သည် ရုရှားဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ပစ်ရန် ဆုံးဖြတ် လိုက်ပြီ” “အကြောင်းမှာ ရုရှားထံမှ စွမ်းအင်တင်သွင်းမှု နည်းလေလေ၊ ဥရောပ၏ လုံခြုံရေးနှင့် လွတ်လပ်မှု ပိုများလေလေ ဖြစ်သည်” ဟု Jorgensen က Strasbourg တွင် ပြောကြားခဲ့သည်။

Jorgensen က သတင်းထောက်များအား ဤအဆင့်ဆင့်ရပ်ဆိုင်းမှုသည် ယူကရိန်းပဋိပက္ခနှင့် သက်ဆိုင်ခြင်းမရှိဘဲ “ရုရှားက ၎င်း၏စွမ်းအင်ကို ဥရောပကို လက်နက်အဖြစ် အသုံးပြုခဲ့သောကြောင့်” ဖြစ်သည်ဟု ရှင်းပြ ခဲ့သည်။ ၎င်းက ဆက်လက်ပြောကြားသည်မှာ “ငြိမ်းချမ်းရေး ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤတားမြစ်ချက်သည် ဆက်လက်တည်ရှိမည်” ဟု ဆိုသည်။

ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ယခုအခါ EU ခေါင်းဆောင်များ၏ “ပူးတွဲဆုံးဖြတ်မှုလုပ်ငန်းစဉ်” (co-decision) မှတစ်ဆင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဥရောပပါလီမန်နှင့် အဖွဲ့ဝင်နိုင်ငံများ ပါဝင်သော Council of the EU ၏ သဘောတူညီချက် နှစ်ရပ်လုံး လိုအပ်မည် ဖြစ်သည်။

သို့သော် ကော်မရှင်၏ ပြောကြားချက်အရ ယင်းဥပဒေကြမ်းသည် အဖွဲ့ဝင် နိုင်ငံအားလုံး၏ သဘောတူညီချက် (unanimity) မလိုအပ်ဘဲ Council of the EU တွင် “အရည်အချင်းပြည့်မီသော မဲအများစု” (qualified majority) ဖြင့် အတည်ပြုနိုင်မည်ဖြစ်သည်။ Reuters ၏ အဆိုအရ အဖွဲ့ဝင် ၂၇ နိုင်ငံ အနက် အနည်းဆုံး ၁၅ နိုင်ငံ (ဥရောပလူဦးရေ၏ ၆၅% ကိုယ်စားပြု) ၏ ထောက်ခံမှုဖြင့် ယင်းအဆိုကို အတည်ပြုနိုင်မည်ဖြစ်သည်။

“မည်သူမျှ ဤအဆိုပြုချက်ကို ဗီတိုအာဏာဖြင့် မတားဆီးနိုင်တော့ပါ” ဟု Jorgensen က မီဒီယာများသို့ ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက “ဤဥပဒေကို မလိုက်နာသော နိုင်ငံများသည် အခြားဥရောပ ဥပဒေများ ကဲ့သို့ပင် တရားဥပဒေအရ အရေးယူခံရမည်” ဟု သတိပေးခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂