ရုရှားနှင့် မလေးရှားတို့ နျူကလီးယားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ

News Image

  • ရုရှားနှင့် မလေးရှားတို့ နျူကလီးယားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူ

ရုရှားနှင့် မလေးရှားတို့သည် ငြိမ်းချမ်းစွာ နျူကလီးယားစွမ်းအင် အသုံးပြုမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် သဘောတူညီခဲ့ ကြကြောင်း ရုရှား၏ နိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း Rosatom က သောကြာနေ့ (ဇွန် ၂၇) က မော်စကိုတွင် ကျင်းပခဲ့သော အဆင့်မြင့် အစည်းအဝေးအပြီးတွင် ထုတ်ပြန်ကြေညာခဲ့သည်။ အစည်းအဝေးသို့ Rosatom ၏ CEO Aleksey Likhachev နှင့် မလေးရှား ဒုတိယ ဝန်ကြီးချုပ် Fadillah Yusof တို့ တက်ရောက်ခဲ့ကြသည်။

Rosatom ၏ သတင်းထုတ်ပြန်ချက်အရ ဆွေးနွေးပွဲတွင် Rosatom ၏ နျူကလီးယားစွမ်းအင်သုံး ဓာတ်ပေါင်းဖို (NPP) နည်းပညာများ အသုံးပြုရေး အပေါ် အဓိကဆွေးနွေးခဲ့ကြသည်။

မလေးရှား၏ စွမ်းအင်ပြောင်းလဲမှုနှင့် ရေအရင်းအမြစ် ပြုပြင်ပြောင်းလဲရေး ဝန်ကြီး Fadillah Yusof က “မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကို များစွာအလေးထားပြီး အပြန်အလှန် ယုံကြည်မှုနှင့် ဘုံရည်မှန်းချက်များ အပေါ် အခြေခံသည့် ရေရှည်မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် ရှေးရှု ထားသည်” ဟု ပြောကြားခဲ့သည်။

Rosatom ၏ CEO Aleksey Likhachev က မလေးရှားဝန်ကြီးချုပ် Anwar Ibrahim ၏ ပြီးခဲ့သည့်လက ရုရှားသို့ ခရီးစဉ်အပြီးတွင် မလေးရှားနိုင်ငံသည် ရုရှား၌ ရေပေါ်နျူကလီးယား ဓာတ်အားပေးစက်ရုံ များ (Floating Nuclear Power Stations) အပေါ် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။

“မိမိတို့က မလေးရှားကို အကြီးစား၊ အသေးစား၊ ကုန်းတွင်း အခြေစိုက် နှင့် ရေပေါ် နျူကလီးယားစွမ်းအင်စက်ရုံမျိုးစုံ ကမ်းလှမ်းခဲ့ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် မလေးရှားဘက်က MW 100 စွမ်းအားရှိ ရေပေါ် နျူကလီးယားစက်ရုံများကို ရွေးချယ်နေပါသည်” ဟု ၎င်းက Izvestia သတင်းစာတွင် ပြောကြားခဲ့သည်။ “ထိုစက်ရုံများကို ရုရှားတွင် တည်ဆောက်ပြီး အပြည့်အဝ လုပ်ငန်းဆောင်ရွက်နိုင်သည့် အနေအထား ဖြင့် သယ်ဆောင်သွားနိုင်ပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း မလေးရှားကိုယ်စားလှယ်အဖွဲ့သည် Rosatom ၏ အကြီးဆုံးစက်ရုံများထဲမှ တစ်ခုဖြစ်သော စိန့်ပီတာစဘတ်မြို့ရှိ Leningrad နျူကလီးယားစွမ်းအင်စက်ရုံသို့ လှည့်လည်ကြည့်ရှုကာ ရုရှား၏ နည်းပညာ အသစ်များနှင့် လုံခြုံရေးစံနှုန်းများကို လေ့လာခဲ့ကြသည်။ ထို့အပြင် ၎င်းတို့သည် မော်စကို၏ VDNKh ရှိ ATOM Pavilion သို့လည်းသွားရောက်ခဲ့ပြီး ယင်းသည် နျူကလီးယားသိပ္ပံပညာဆိုင်ရာ ဗဟို ပညာရေးစင်တာတစ်ခုဖြစ်ကာ အပြန်အလှန်တုံ့ပြန်မှုဆိုင်ရာ ပြခန်းပေါင်း ၁,၇၀၀ ကျော်ပါခဲ့သည်။

Fadillah က အဆိုပါအတွေ့အကြုံကို “မျက်စိအလင်းဖွင့်ပေးသော အခိုက် အတန့်” အဖြစ် ရည်ညွှန်းကာ ယင်းနေရာသည် ဆန်းသစ် တီထွင်မှု များကို ပြသရုံသာမက သမိုင်းဆိုင်ရာ အသိပညာများကိုလည်း ဖြန့်ဝေသည့် ဗဟိုဌာနတစ်ခုဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

“အဆိုပါခရီးစဉ်သည် နည်းပညာဆိုင်ရာ ကိစ္စရပ်များသည် အသိပညာ၊ တန်ဖိုးထားမှုနှင့် တာဝန်ယူမှုတို့ဖြင့် ညွှန်ကြားပါက ရေရှည်တည်တံ့ပြီး ဆန်းသစ်ကာ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့် အနာဂတ်အတွက် အရေး ပါသော မောင်းနှင်အားဖြစ်နိုင်ကြောင်း မိမိတို့၏ယုံကြည်ချက်ကို ပိုမိုခိုင်မာ စေခဲ့သည်” ဟု ၎င်းက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

၅ ရက်ကြာ ခရီးစဉ်အတွင်း Fadillah သည် မော်စကိုတွင် ရုရှား၏ ဒုတိယ ဝန်ကြီးချုပ် Aleksey Overchuk နှင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂