ထိုင်းနိုင်ငံတွင် နိုင်ငံမဲ့များစွာအတွက် နိုင်ငံသားအဖြစ် ရရှိရန် စည်းမျဉ်းသစ်ကို ခွင့်ပြု
ထိုင်းနိုင်ငံတွင် နေထိုင်ကြသည့် နိုင်ငံမဲ့မိဘများ၏ ကလေးများနှင့် တိုင်းရင်းသားလူနည်းစုများအား ထိုင်းနိုင်ငံသားအဖြစ် ပိုမိုလွယ်ကူစွာ ရရှိစေမည့် စည်းမျဉ်းသစ်တစ်ရပ်ကို တနင်္လာနေ့ (ဇွန် ၃၀) တွင် Royal Gazette တွင် ကြေညာကာ အာဏာသက်ရောက်စေခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Theerarat Samrejvanich က အခြေခံဥပဒေနှင့်ကိုက်ညီသည့် အဆိုပါပြောင်းလဲမှုများသည် နိုင်ငံတွင် ကြာမြင့်စွာနေထိုင်လာခဲ့သော နိုင်ငံမဲ့များအား အရေးပေါ် အသိအမှတ် ပြုရန် အတည်ပြုထားသည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါစည်းမျဉ်းသစ်အရ ၁၉၉၉ ခုနှစ်အထိ ပြုလုပ်ခဲ့သော လူဦးရေ စာရင်းတွင် မိဘများ၏ အချက်အလက်မှတ်တမ်းရှိသည့် ထိုင်းနိုင်ငံတွင် မွေးဖွားခဲ့သူများ၊ ဥပဒေနှင့်အညီ အခွင့်အရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် မဟာဗျူဟာစီမံကိန်း (၂၀၀၅-၂၀၁၁) အောက်တွင် အသိအမှတ်ပြုထားသော နိုင်ငံမဲ့များ (မိုကင်းလူမျိုးစုအပါအဝင်) သည် သတ်မှတ်စံနှုန်းများနှင့်ကိုက်ညီပါက ထိုင်းနိုင်ငံသားဖြစ်ခွင့် ရရှိမည် ဖြစ်သည်။
ပြည်ထဲရေး ဒုတိယဝန်ကြီး Theerarat က အဆိုပါစည်းမျဉ်းသည် ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှစတင်၍ တစ်နှစ်တာအတွက် အာဏာ သက်ရောက်မည်ဖြစ်ပြီး အနာဂတ်တွင် အစိုးရအဖွဲ့က သက်တမ်း မတိုးပါ က အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Unsit Sampantarat က ဝန်ကြီးချုပ် Paetongtarn Shinawatra အစိုးရက ယခင်သက်တမ်း Srettha Thavisin အစိုးရလက်ထက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ အဆိုပါစည်းမျဉ်းကို အကောင်အထည်ဖော်ရန် ပြည်ထဲရေး ဝန်ကြီးဌာန အား ညွှန်ကြားခဲ့ကြောင်း ဖော်ပြခဲ့သည်။
Unsit က “ထိုင်းနိုင်ငံအနေဖြင့် ယခုကဲ့သို့ ပြဿနာများကို လက်တွေ့ ကျကျ အရှိန်အဟုန်မြှင့် ဖြေရှင်းခြင်းမျိုးသည် ပထမဆုံး အကြိမ် ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။ ၎င်းက “အဆိုပါစည်းမျဉ်းသည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် တိုင်းရင်းသား လူနည်းစုများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဇီဝမှတ်တမ်းများက နိုင်ငံတော်ဒေတာဘေ့စ်ထဲမှာ အရင်ကတည်းက ပါဝင်နေပြီး ဖြစ်ပါသည်” ဟု ရှင်းပြခဲ့ပါသည်။ “ထိုပုဂ္ဂိုလ်များသည် စာရင်းမဝင် ရွှေ့ပြောင်း အလုပ်သမားများ (သို့) တရားမဝင်နိုင်ငံခြားသားများ မဟုတ်ဘဲ အရေအတွက်အားဖြင့် ၁၄၀,၀၀၀ ခန့်ရှိပါသည်”ဟု ၎င်းက ဆိုပါသည်။
၎င်းက အဆိုပါစည်းမျဉ်းသည် ရွှေ့ပြောင်းအလုပ်သမားများ၊ ယာယီ ခိုလှုံရာ နေရာများ၌ရှိနေသော အိုးမဲ့အိမ်မဲ့များ (သို့) နိုင်ငံခြားသား ပတ်စ်ပို့ပိုင်ဆိုင်သူများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရှင်းလင်းစွာ ပြောဆို ပါသည်။
အသိအမှတ်ပြုထားသည့် အုပ်စုနှစ်စုမှ လျှောက်ထားနိုင်သူများသည် စည်းမျဉ်းတွင် ဖော်ပြထားသည့် အရည်အချင်းများနှင့် ကိုက်ညီရမည် ဖြစ်ပြီး သက်ဆိုင်ရာလမ်းကြောင်းအတိုင်း လျှောက်လွှာတင်သွင်းရမည် ဖြစ်ပါသည်။
ဘန်ကောက်တွင် နေထိုင်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန ၊ မှတ်ပုံတင်ရေးဌာနတွင် လျှောက်ထားရမည်ဖြစ်ပြီး အခြားဒေသများတွင် နေထိုင်သူများသည် သက်ဆိုင်ရာခရိုင်ရုံးများမှတဆင့် လျှောက်ထားရမည် ဖြစ်ပါသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂