ချန်ပီယံလုပွဲလာကြည့်မည့် ပရိတ်သတ်အား အပြိုင်အဆိုင် စပွန်ဆာပေး ဖိတ်ခေါ်နေသည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်
ယနေ့ ဇူလိုင် (၆) ရက် ညနေပိုင်းအချိန်၌ မြန်မာနေရှင်နယ်လိဂ် နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပြည်တွင်း အင်အားကြီး ကလပ်အသင်းများဖြစ်သည်နှင့်အညီ ပြိုင်ဘက်အသင်းနှစ်သင်းသည် ပရိတ်သတ်များ ကွင်းအတွင်း လာရောက်အားပေးနိုင်ရေးအတွက် စပွန်ဆာများ အပြိုင်အဆိုင်ပေးကာဖိတ်ခေါ်နေကြသည်ကို တွေ့ရသည်။
လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက် အသင်းက ယနေ့ ဗိုလ်လုပွဲစဉ်အတွက် ကွင်းအတွင်း လာရောက်ကြည့်ရှုမည့် ပရိတ်သတ်အား ရှမ်းယူနိုက်တက်ဂျာစီ သို့မဟုတ် ရှမ်းယူနိုက်တက် ဂျာစီအနီ (သို့) အင်္ကျီအနီရောင် ဝတ်ဆင်လာသူများကို အထူးတန်းလက်မှတ် အခမဲ့အဖြင့် စီစဥ်ပေးမည်ဟု အသိပေးထားသည်။
အလားတူ ပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့်လည်း ကွင်းအတွင်းလာရောက်ကြည့်ရှုမည့် အသင်းပရိတ်သတ်အတွက် ကြို/ပို့ကားများ စီစဉ်ပေးထားသည့်အပြင် ပွဲလက်မှတ်၊ အင်္ကျီ၊ Royal-D တို့ကိုလည်း အခမဲ့ ပံ့ပိုးပေးသွားမည်ဟု ဆိုထားသည်။
MNL League Cup 2025 နောက်ဆုံးဗိုလ်လုပွဲစဉ်အတွင်း နှစ်ဖက်ပရိတ်သတ် မည်မျှများပြားမည်ကို စောင့်ကြည့်ရမည့်အပြင် ပြိုင်ဘက်အသင်းနှစ်သင်း မည်သူဗိုလ်စွဲမည်ဆိုသည်ကိုလည်း စောင့်ကြည့်ရမည့်အခြေအနေဖြစ်သည်။
လတ်တလော မြန်မာပရိတ်သတ်မှာ အမျိုးသမီးအာရှဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်ခြေစစ်ပွဲစဉ်များကို မိုးထဲလေထဲ တခဲနက် လာရောက်အားပေးခဲ့ကြသည်လည်းကို မြင်တွေ့ခဲ့ရသည်။
ပုံစာ – အမျိုးသမီးအာရှဖလားပြိုင်ပွဲ ဝင်ရောက်ခွင့်ခြေစမ်း ပွဲတစ်ခု၌ လာရောက်အားပေးကြသည့် ပရိတ်သတ်မြင်ကွင်းပုံရိပ်အချို့
Popular Myanmar