နှစ်လေးဆယ် နီးပါးအကြာတွင် ဝဋံသကာဘွဲ့ရ ဆရာတော်တစ်ပါး ပေါ်ထွက်လာ
(၁၁၉) ကြိမ်မြောက် နယုန်လစာလျှောက်မေးခန်း အမှတ်များရာအလိုက် အောင်မြင်ပုဂ္ဂိုလ်များ စာရင်းကို ယမန်နေ့ ဇူလိုင်(၆)ရက်တွင် ထုတ်ပြန်ရာ ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက်ခဲ့သည်။
မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတ အသင်းကြီးမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ပရိယတ္တိသာသနဟိတအသင်းကြီး၏ အဘိဝံသစာမေးပွဲ၌ (၃၉)နှစ်ကြာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဝဋံသကာဘွဲ့ရ ဆရာတော်သည် သက်တော် (၂၃) နှစ်သာ ရှိသေးပြီး ဦးဃောသိတာလင်္ကာရာဘိဝံသ(မစိုးရိမ်တိုက်သစ်) ဖြစ်သည်။
အရှင်မြတ်သည် ၁၃၈၆-ခုနှစ်၊ စာသင်တန်း(ပထမ) နှင့် ၁၃ ၈၇ခုနှစ်၊ စာချတန်း(ပထမ) ကို နှစ်မခြားဘဲ (၂)နှစ်တည်းဖြင့် အောင်မြင်ခဲ့သည့်အတွက်ကြောင့် နှစ်ပေါင်း (၃၉)နှစ်တာ ဝေးကွာနေသည့် အဘိဝံသ ဝဋံသကာဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
(ဝဋံသကာ)ရွှေတံဆိပ်ဘွဲ့တော်ကို ရှေးဦးစွာရရှိတော်မူသည်မှာ တိပိဋကဓရ ဓမ္မဘဏ္ဌဂါရိက ဆဌသံဂါယနာ ဝိဿဇ္ဇက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီးပင် ဖြစ်သည်။
ဝဋံသကာဘွဲ့ ဆိုသည်မှာ ဗုဒ္ဓဘာသာ သာသနာတော်အတွင်း အထူးခြားဆုံး ဘွဲ့တံဆိပ်တခုဖြစ်ပြီး ဝဋံသကာဘွဲ့ထူးကို ပန်ဆင်ယင်တော်မူသော ထေရ်ရှင်များမှာ ၁၂၆၇ ခုနှစ်မှ ၁၃၈၇ ခု ယနေ့အချိန်ထိ နှစ်ပေါင်း(၁၂၀)အတွင်း၌ အရှင်မြတ် (၁၀)ပါးသာ ပေါ်ထွန်းခဲ့သည်ဟုလည်း သိရသည်။
Popular Myanmar