မြေထဲပင်လယ်ဓာတ်စာ စားသုံးခြင်းဖြင့် Dementia ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်
ဆိုးလ် ဇူလိုင် ၆
မြေထဲပင်လယ်ဓာတ်စာ (Mediterranean diet) ကို စားသုံးခြင်းဖြင့် ဦးနှောက်စွမ်းဆောင်ရည်ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ကျဆင်းသွားတတ်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကို ကိုးကား၍ ဇူလိုင် ၅ ရက်သတင်းများအရ သိရသည်။
မြေထဲပင်လယ်ဓာတ်စာသည် သံလွင်ဆီ၊ ငါး၊ သစ်စေ့ သစ်ဆန်၊ ဘယ်ရီသီးနှင့် အစိမ်းရောင် အသီးအရွက်များ အဓိကပါဝင်သော ဓာတ်စာပုံစံဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ ယွန်ဆိုင်းတက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ မြေထဲပင်လယ်ဓာတ်စာကို စွဲစွဲမြဲမြဲ စားသုံးသူများ၌ Dementia ရောဂါဖြစ်နိုင်ခြေမှာ ပုံမှန်ထက် ၂၈ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း သိရသည်။
Dementia ရောဂါအတွက် ကုထုံးမရှိသေးသည့်အချိန်တွင် မြေထဲပင်လယ် ဓာတ်စာပုံစံစားသုံးမှုသည် Dementia ရောဂါဖြစ်နိုင်ခြေကို တားဆီးနိုင်မည့် နည်းလမ်းတစ်ခုဖြစ်လာနိုင်ကြောင်း သုတေသနပညာရှင်များ က ပြောကြားသည်။
တောင်ကိုရီးယား သုတေသနပညာရှင်များသည် သက်လတ်ပိုင်းအရွယ် လူပေါင်း ၁၃၀၀၀၀ ကျော်ကို လေ့လာခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ရတနာပုံသတင်းစာ