ပြင်သစ်နိုင်ငံတွင် အကျဉ်းသားတစ်ဦးသည် ၎င်းအခန်းဖော်၏ ခရီးဆောင်အိတ်အတွင်း၌ ပုန်းအောင်းကာ လွတ်မြောက်သွားခဲ့
ပြင်သစ်နိုင်ငံရှိ ထောင်တစ်ခုမှ အကျဉ်းသားတစ်ဦးသည် ၎င်း၏အခန်းဖော် ပြစ်ဒဏ်ကာလပြည့်မြောက်၍ လွှတ်ပေးရာတွင် ခရီးဆောင်အိတ်အတွင်း၌ ဝင်ရောက်ပုန်းအောင်းကာ ထောင်မှလွတ်မြောက်သွားခဲ့ကြောင်း ထောင်ပိုင် ရုံး အရာရှိတစ်ဦးက ဒေသခံမီဒီယာများအား ပြောကြားခဲ့သည်။
ထောင်အုပ်ချုပ်ရေးဌာနဒါရိုက်တာ ဆီဘက်စတီယန် ကော်ဝဲလ် (Sébastien Cauwel) က ယင်းအကျဉ်းသားသည် လိုင်ယွန်မြို့အနီးရှိ ကော့ဘား (Corbas) ထောင်မှ ၎င်း၏အခန်းဖော်လွတ်မြောက်ခွင့်ကို အခွင့်ကောင်းယူကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း CNN ၏ မိတ်ဖက် ဌာန BFMTV သို့ တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) က ပြောကြားခဲ့သည်။
သို့သော် ထောင်မှထွက်ပြေးသူသည် တနင်္လာနေ့ (ဇူလိုင် ၁၄) နံနက်ပိုင်း တွင် လိုင်ယွန်မြို့ဆင်ခြေဖုံးရှိ ဆာသိုနေး စခန်း (Sathonay-Camp) ၌ ပြန်လည်ဖမ်းဆီးခံရကာ ၎င်း၏တိုတောင်းသော ထွက်ပြေးမှု အဆုံးသတ် သွားခဲ့ရသည်ဟု လိုင်ယွန် စုံစမ်းရေးရုံးက CNN သို့ ပြောကြားချက်အရ သိရှိရသည်။
စုံစမ်းရေးရုံး၏ ထုတ်ပြန်ချက်တွင် “ကော့ဘားထောင်မှ ထွက်ပြေးသူ အား ဇူလိုင် ၁၄ ရက်နေ့၊ နံနက် ၆ နာရီခန့်တွင် ဆာသိုနေး-စခန်း ရှိ မြေအောက်ခန်းတစ်ခုမှ ထွက်လာစဉ် ဖမ်းဆီးရမိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူ မရှိခဲ့ကြောင်းနှင့် ၎င်း၏အပေါင်းအပါမှာ အတူရှိမနေဘဲ ယခုအချိန်ထိ ဖမ်းဆီးရမိမှုမရှိသေးပါ” ဟု ဖော်ပြထားသည်။
ကော်ဝဲလ်က BFMTV သို့ ပြောကြားရာတွင် ထောင်အရာရှိများသည် စနေနေ့ (ဇူလိုင် ၁၂) နံနက်ပိုင်းတွင် အကျဉ်းသား ပျောက်ဆုံးနေကြောင်း သတိထားမိခဲ့သည်ဟု ဝန်ခံခဲ့သည်။ “ဒါဟာ အလွန်ရှားပါးသည့် အဖြစ် အပျက်ဖြစ်ပြီး မိမိတို့၏အုပ်ချုပ်ရေးမှာ ယခင်က တစ်ခါမျှ မကြုံဖူးပါ။ ဒါဟာ ကြီးမားသည့် ချို့ယွင်းချက်တစ်ခုရှိနေသည်ကို ပြသနေပါသည်” ဟု ကော်ဝဲလ် က ပြောကြားခဲ့ပြီး ကော့ဘားထောင်သည် လူအဝင်များ နေကြောင်း ထောက်ပြခဲ့သည်။ ထောင်တွင် လက်ရှိလူဦးရေသည် စံ သတ်မှတ်ချက်၏ ၁၇၀% ခန့်ရှိနေကြောင်း၊ “ဒါက မိမိတို့ အရာရှိများ အတွက် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ပိုမိုခက်ခဲစေပါသည်” ဟု ၎င်းက BFMTV သို့ ပြောကြားခဲ့သည်။
ဥရောပသတင်းဌာန AFP က ကိုးကားဖော်ပြချက်အရ ထောင်ထွက်ပြေး သူသည် ပြစ်ဒဏ်များစွာကျခံနေရသူဖြစ်ပြီး အဖွဲ့အစည်းဆိုင်ရာ မှုခင်း တစ်ခုနှင့်လည်း စုံစမ်းစစ်ဆေးခံနေရသူဖြစ်ကြောင်း သိရသည်။
ယခင်နှစ်က ပြင်သစ်နိုင်ငံမြောက်ပိုင်း နော်မန်ဒီ ဒေသရှိ ထောင်သို့ သယ်ဆောင်နေစဉ် လက်နက်ကိုင်တိုက်ခိုက်မှုဖြင့် အကျဉ်းသားတစ်ဦး ထွက်ပြေးခဲ့ဖူးသည်။ "The Fly" အမည်ရှိ မိုဟာမက် အမ်ရာ (Mohamed Amra) ကို ယခုနှစ် ဖေဖော်ဝါရီလတွင် ရိုမေးနီးယားနိုင်ငံ၌ ပြန်လည် ဖမ်းဆီးနိုင်ခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂