အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် AI နှင့် ဒရုန်းများကို အသုံးပြုမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

News Image

  • အိန္ဒိယနိုင်ငံသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် AI နှင့် ဒရုန်းများကို အသုံးပြုမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်

နယူးဒေလီအစိုးရသည် အမျိုးသမီးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကာကွယ်ရန် AI အခြေပြု AI facial recognition ၊ Smart lighting systems နှင့် ဒရုန်းများကို အသုံးပြု၍ အန္တရာယ်ရှိသော နေရာ များကို စောင့်ကြည့်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ တွင် အိန္ဒိယဖက်ဒရယ်တရားလွှတ်တော်ချုပ်သို့ ပြောကြားခဲ့သည်။

Hindustan Times ၏ သတင်းအရ ပြည်ထဲရေးဝန်ကြီးဌာနသည် အဆိုပါ ကြေညာချက်ကို အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် ရာဇဝတ်မှု ကျူးလွန်မှုများ တိုးမြင့်လာမှုနှင့်ပတ်သက်၍ Supreme Court Women Lawyers' Association မှ တင်သွင်းခဲ့သည့် အများပြည်သူ အကျိုးစီးပွား ဆိုင်ရာ တရားစွဲဆိုမှု (PIL) တစ်ရပ်ကို တုံ့ပြန်၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Times of India ၏ သတင်းတွင် ဖြည့်စွက်ဖော်ပြချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ဒေလီ၊ မွန်ဘိုင်းစသည့် မြို့ကြီးများရှိ ရထားဘူတာရုံ ၇ ခု တွင် AI စနစ်များ တပ်ဆင်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားရာတွင် အန္တရာယ် မြင့်မား သော နေရာများကို စောင့်ကြည့်ရန် ကားနံပါတ်ပြား အလိုအလျောက် မှတ်တမ်းတင်စနစ် (automatic license plate recognition) ၊ Smart lighting systems နှင့် ဒရုန်းများကဲ့သို့သော အခြားအစီအမံများကိုလည်း အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

Hindustan Times ၏ ဖော်ပြမှုအရ ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသမီးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (ဥပမာ – မုဒိမ်းမှု၊ ခြေရာခံ နှောင့်ယှက်မှု၊ ကလေးအလွဲသုံးစားမှု) တွင် ပါဝင်ခဲ့သူများ၏ အမည်၊ လိပ်စာ၊ ဓာတ်ပုံနှင့် လက်ဗွေရာများ အပါအဝင် အရေးကြီး အချက်အလက် များကို National Data Sharing and Exchange Platform တွင် သိမ်းဆည်းထားကြောင်း ဖက်ဒရယ်တရားလွှတ်တော်ချုပ်သို့ တင်ပြခဲ့သည် ဟု ဆိုသည်။

လက်ရှိတွင် ယင်းဒေတာဘေ့စ်တွင် အချက်အလက် ၂.၀၂ သန်း ပါဝင်ပြီး Inter-Operable Criminal Justice System ဒေတာဘေ့စ်မှတစ်ဆင့် တစ်နိုင်ငံလုံးရှိ ရဲစခန်းများနှင့် တရားစီရင်ရေးအဖွဲ့အစည်းများက ဝင်ရောက် ကြည့်ရှုနိုင်သည်။ ဤသည်မှာ ရဲ၊ တရားရုံး၊ ထောင်၊ မှုခင်းဆေးဘက် ဆိုင်ရာဓာတ်ခွဲခန်းများနှင့် အမှုစစ်ဆေးရေးဌာနများကို နည်းပညာ အကူအညီဖြင့် ပေါင်းစည်းရန် ရည်ရွယ်သည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

Hindustan Times ၏ ဖော်ပြချက်အရ Supreme Court Women Lawyers' Association က ဝန်ကြီးဌာန၏ လက်ရှိအစီအမံများသည် လုံလောက်သော ထိရောက်မှုမရှိသေးဟု ယူဆပြီး အမျိုးသမီးများအပေါ် ရာဇဝတ်မှုများကို ပိုမိုကာကွယ်နိုင်ရန် ထပ်မံအလေးထားဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂