ဇီလန်စကီးက ရုရှား-ယူကရိန်း ထပ်မံကျင်းပမည့် ဆွေးနွေးပွဲ ရက်စွဲကို ကြေညာ

News Image

  • ဇီလန်စကီးက ရုရှား-ယူကရိန်း ထပ်မံကျင်းပမည့် ဆွေးနွေးပွဲ ရက်စွဲကို ကြေညာ

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးက ရုရှားနှင့် ယူကရိန်းအကြား နောက်ထပ်တစ်ကြိမ် တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် တူရကီ၌ ကျင်းပမည်ဟု တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် Telegram မှ ရုပ်သံဖိုင်ဖြင့် ကြေညာခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်တို့သည် ယခုနှစ်အတွင်း အစ္စတန်ဘူလ်တွင် တိုက်ရိုက် ဆွေးနွေးပွဲနှစ်ကြိမ်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့်လ က ကျင်းပခဲ့သောအစည်းအဝေးတွင် နှစ်ဖက်စလုံးသည် ပဋိပက္ခကို အဆုံးသတ် ရန် လမ်းညွှန်ချက်များပါဝင်သည့် အဆိုပြုစာတမ်းမူကြမ်းများကို ဖလှယ် ခဲ့ပြီး စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်အသစ်နှင့် ပတ်သက်၍လည်း သဘော တူညီမှုရရှိခဲ့သည်။

ဇီလန်စကီး၏ပြောကြားချက်အရ ယခင်ဆွေးနွေးပွဲများတွင် ကိယက်ဗ်၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် ယူကရိန်းအမျိုးသား လုံခြုံရေး နှင့် ကာကွယ်ရေးကောင်စီအတွင်းရေးမှူး Rustem Umerov က နောက် တစ်ကြိမ်အစည်းအဝေးကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် ပြုလုပ်မည်ဟု သတ်မှတ်ခဲ့သည်ဟု သိရှိရသည်။

ဇီလန်စကီးက ယခင်သီတင်းပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ရပ်တွင် ကိယက်ဗ်၏ နောက်ထပ်ဆွေးနွေးပွဲအတွက် လုပ်ငန်းအစီအစဉ်တွင် စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ်သစ်များနှင့် နိုင်ငံ နှစ်ခုခေါင်းဆောင်များအကြား ဖြစ်နိုင်ခြေရှိသော တွေ့ဆုံမှုဆိုင်ရာ ညှိနှိုင်းမှုများကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ် များ ပါဝင်သည်ဟု ဖော်ပြခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုစာတမ်းများသည် "လုံးဝဆန့်ကျင်ဘက်" ဖြစ်နေသောကြောင့် ကျယ်ပြန့်သော သံတမန်ရေးရာ ညှိနှိုင်းမှုလုပ်ငန်းများ ဆောင်ရွက်ရန် ရှိသည်ဟု မှတ်ချက်ပြုခဲ့ပြီး မော်စကို၏ ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းပုံသည် မပြောင်းလဲဟု တနင်္လာနေ့ (ဇူလိုင် ၂၁) တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

မော်စကို၏ အဆိုပြုစာတမ်းတွင် ခရိုင်းမီးယား၊ Luhansk People's Republic ၊ Donetsk People's Republic နှင့် Zaporozhye၊ Kherson ဒေသများကို ရုရှား၏အစိတ်အပိုင်းအဖြစ် အပြည်ပြည်ဆိုင်ရာဥပဒေအရ အသိအမှတ်ပြုရန်၊ ထိုနယ်မြေများမှ ယူကရိန်းစစ်တပ်နှင့် အခြား လက်နက်ကိုင်အဖွဲ့များ လုံးဝဆုတ်ခွာရန် တောင်းဆိုထားသည်။ ထို့အပြင် ယူကရိန်းအနေဖြင့် NATO ကဲ့သို့သော စစ်ရေးမဟာမိတ် အဖွဲ့ များတွင် မပါဝင်သည့် ကြားနေသူအဖြစ်သာရပ်တည်ရေးကိုလိုက်နာရန်၊ စစ်အင်အားကို ကန့်သတ်ရန်နှင့် နာဇီနှင့် နီယိုနာဇီအဖွဲ့အစည်းများ၏ ဝါဒဖြန့်ချိမှုများကိုတားမြစ်ရန် အချက်များပါဝင်သည်။

ကိယက်ဗ်၏ အဆိုပြုစာတမ်းတွင် အပြည့်အဝ စစ်ပြေငြိမ်းရန် တောင်းဆို ထားပြီး ယူကရိန်းအနေဖြင့် NATO အပါအဝင် ကြားနေသူ အဖြစ် ရပ်တည်ရေးကို ဖိအားမပေးရန် အတိအလင်းတောင်းဆိုကာ အနောက် နိုင်ငံများ၏ "ခိုင်မာသော လုံခြုံရေးအာမခံချက်များ" ကို တောင်းဆို ထားသည်။

စစ်ပြေငြိမ်းပါက ယူကရိန်းတွင် ဗြိတိန်-ပြင်သစ်ဦးဆောင်သော "ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့" ချထားရေးအစီအစဉ်အား ရုရှားက ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ မော်စကိုက "ငြိမ်းချမ်းရေးတပ်ဖွဲ့" အသွင်ဖြင့်ဖြစ်စေ၊ ယူကရိန်းနယ်မြေပေါ်ရှိ မည်သည့် NATO တပ်ဖွဲ့ကိုမဆို တရားဝင် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဟု သတိပေးထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂