ထရမ့်က ဂျပန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာ

News Image

  • ထရမ့်က ဂျပန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ကြေညာ

သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန်သို့ တင်ပို့မည့် ကုန်ပစ္စည်းများအတွက် ဂျပန်ဘက်မှ အကောက်ခွန် ၁၅% ပြန်လည်ပေးဆောင်ရမည့် ကုန်သွယ်ရေးသဘောတူညီချက်ကို အင်္ဂါနေ့ (ဇူလိုင် ၂၂) ညအချိန်တွင် ကြေညာခဲ့သည်။

"မိမိတို့အနေဖြင့် ဂျပန်နှင့် အကြီးစား သဘောတူညီချက်တစ်ခုကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပါပြီ။ လက်ရှိအချိန်ထိ ချုပ်ဆိုခဲ့ဖူးသမျှ အကြီးဆုံး သဘော တူညီချက်လည်း ဖြစ်နိုင်ပါသည်" ဟု ထရမ့်က Truth Social တွင် ရေးသား ဖော်ပြခဲ့သည်။

သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဂျပန်ဘက်မှ အမေရိကန် ပြည်ထောင်စုသို့ အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်ဘက်မှ အကျိုးအမြတ်၏ ၉၀% ကို ရရှိမည်ဟု ထရမ့်က ဖြည့်စွက် ပြောကြားခဲ့ သော်လည်း ထိုရင်းနှီးမြှုပ်နှံမှုများ မည်သို့လုပ်ဆောင်မည် သို့မဟုတ် အမြတ်ငွေများကို မည်သို့တွက်ချက်မည်ဆိုသည့် အချက်အလက်များကို ၎င်းက ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်း မရှိဘဲ လက်ရှိအချိန်အထိ တရားဝင် သဘောတူညီချက် အထောက်အထားများကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။

“အဆိုပါသဘောတူညီချက်သည် သိန်းနှင့်ချီသောလူများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးမည်ဖြစ်ပြီး ဂျပန်ဘက်မှ အိမ်စီးကားနှင့် ထရပ်ကား၊ ဆန်နှင့် အခြားစိုက်ပျိုးရေး ထွက်ကုန်များ အပါအဝင် ကုန်သွယ်ရေးအတွက် တံခါးဖွင့်ပေးမည့်အပြင် အမေရိကန် ကို ၁၅% ပြန်လည်ပေးဆောင်ရမည့် အကောက်ခွန်များလည်း ပေးဆောင်ရမည် ဖြစ်ပါသည်" ဟု ထရမ့်က ရေးသားဖော်ပြခဲ့သည်။

နှစ်ဖက်စလုံးက တင်းမာမှုများရှိခဲ့သည်ဟု ဖော်ပြခဲ့သော်လည်း ထရမ့်က အဆိုပါသဘောတူညီချက်သည် အမေရိကန်ပြည်ထောင်စုအတွက် အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းသော အချိန်ဖြစ်ပြီး ဂျပန်နိုင်ငံနှင့် အလွန် ကောင်းမွန်သော ဆက်ဆံရေးကို အမြဲထိန်းသိမ်းထားနိုင်မည်ဟု ပြောကြားခဲ့သည်။

ထရမ့်က ဧပြီလတွင် ကုန်သွယ်ခွန် စည်းကြပ်မှုကို ၉၀ ရက်ကြာ မရွှေ့ ဆိုင်းမီက ဂျပန်မှ ကုန်ပစ္စည်းများသည် ၂၄% ပြန်လည်ပေးဆောင်ရမည့် အကောက်ခွန်ကို ခဏတာ ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်မှစ၍ အမေရိကန် နှင့် ကုန်သွယ်ဖက်နိုင်ငံများမှ ပို့ကုန်ပစ္စည်းများအပေါ် အနည်းဆုံး ၁၀% အကောက်ခွန် ပေးဆောင်ခဲ့ရသည်။ 

ကိုးကား- CNN

Photo: Al Jazeera

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂