အိန္ဒိယနှင့် ဗြိတိန်တို့က လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည်
အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့အကြား လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိန္ဒိယမီဒီယာများက ဖော်ပြသည်။
အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် အဆိုပါ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ယခုရက်သတ္တပတ်အတွင်း သွားရောက်မည့် ဗြိတိန်ခရီးစဉ်အတွင်း၌ လက်မှတ်ရေးထိုးရန်စီစဉ်ထားသည်။
ဗြိတိန်နှင့် လက်မှတ်ရေးထိုးမည့် ကုန်သွယ်ရေးသဘောတူညီချက်ကို အိန္ဒိယအစိုးရက ဇူလိုင်လ ၂၂ ရက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ထိုသို့သော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီ
ချက်တစ်ရပ်ကို ချမှတ်နိုင်ရေးအတွက် ၂၀၀၁ ခုနှစ်မှစ၍ ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဗြိတိန်အစိုးရက ကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံသို့တင်ပို့သည့် ဗြိတိန်ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူမှု လျှော့ချရေးကဲ့သို့သော အလျှော့ပေးမှုများရရှိနိုင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ကုန်သွယ်ရေးသဘောတူညီချက်ချမှတ်နိုင်ရေးမှာ ရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း ဗြိတိန်အစိုးရအဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။
ဗြိတိန်နိုင်ငံသည် လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ဆဋ္ဌမမြောက်ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်လျက်ရှိပြီး အိန္ဒိယနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် စုစုပေါင်းဒေါ်လာ ၃၆ ဘီလီယံရှိသည်။ အလားတူပင် အိန္ဒိယနိုင်ငံသည် ဗြိတိန်နိုင်ငံအတွက် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်းဒေါ်လာ ၂၀ ဘီလီယံခန့်ကို ဗြိတိန်နိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံထားသည်။
Ref: Rt