စည်းကြပ်ခွန်တိုးမြှင့်သည့် အမေရိကန်၏ ခြိမ်းခြောက်မှုလုပ်ရပ်သည် “မျှတမှုမရှိ” ဟု အိန္ဒိယ ဝေဖန်
အိန္ဒိယအပေါ် အမေရိကန်၏ လုပ်ရပ်မှာ တရားမျှတမှု မရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိကြောင်း၊ အိန္ဒိယအနေဖြင့် နိုင်ငံ၏အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Kumar Jaiswal က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က ဩဂုတ် ၄ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ကာ အိန္ဒိယက ရုရှားရေနံ အများအပြားဝယ်ယူခြင်းနှင့် ထိုမှတစ်ဆင့်အမြတ်ရရှိခြင်းကြောင့် အမေရိကန်အနေဖြင့် အိန္ဒိယ ထုတ်ကုန် ပစ္စည်းများအပေါ် သွင်းကုန်စည်းကြပ်ခွန်များစွာ တိုးမြှင့်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။ ထို့အပေါ် Randhir Kumar Jaiswal က ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားပြီးနောက် “ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် ဈေးကွက်တည်ငြိမ်ရေးကို မြှင့်တင်ရန်” အတွက် ရုရှားနှင့် ကုန်သွယ်ရေးများလုပ်ဆောင်သွားရန် အိန္ဒိယကို အမေရိကန်က တက်ကြွစွာအားပေးခဲ့ကြောင်း ယင်းနေ့ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့ သည်။ အိန္ဒိယကို ပစ်မှတ်ထားသည့် အမေရိကန်၏ လှုပ်ရှားမှုများက “တရားမျှတမှုမရှိသလို ကျိုးကြောင်း ဆီလျော်မှုမရှိကြောင်း”၊ အိန္ဒိယအနေဖြင့် “ နိုင်ငံ၏ အကျိုးစီးပွားနှင့် စီးပွားရေးလုံခြုံမှုကို ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် အစီအမံအားလုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ကြေညာချက်တွင် ပြောကြားခဲ့သည်။
အိန္ဒိယ၏ သွင်းကုန်သည် စားသုံးသူများ အကုန်အကျခံ အသုံးပြုနိုင်သည့်ကုန်ပစ္စည်းများဖြစ်ရန် အာမခံရေးကို ရည်ရွယ်ကြောင်း၊ ယင်းမှာ မျက်မှောက်ကမ္ဘာ့အခြေအနေ၏ မဖြစ်မနေ ရွေးချယ်မှုဖြစ်ကြောင်း Randhir Kumar Jaiswal က ပြောကြားခဲ့သည်။
အမေရိကန်-အိန္ဒိယ နှစ်ဖက်အနေဖြင့် ယခုကာလများတွင် ကုန်သွယ်ရေးဆွေးနွေးမှု အကြိမ်ပေါင်းများစွာ ကျင်းပခဲ့ကြောင်း၊ သို့သော် အမေရိကန်ဘက်က စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများအပေါ် စည်းကြပ်ခွန် သက်သာခွင့်ပေးရန် တောင်းဆိုချက်ကို အိန္ဒိယက အစဉ် ငြင်းဆိုခဲ့ကြောင်း သတင်းများအရသိရသည်။ ဇူလိုင် ၃၁ ရက်က အမေရိကန် ထုတ်ပြန်သည့် ကုန်သွယ်ဖက် ၆၉ ခုအပေါ် ကောက်ခံမည့် စည်းကြပ်ခွန် နှုန်းထားများအရ အမေရိကန်သို့ တင်သွင်းသော အိန္ဒိယကုန်ပစ္စည်းများသည် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံခြင်းခံရမည်ဖြစ်သည်။
ကိုးကား-Xinhua