“အိန္ဒိယနိုင်ငံတွင် ထုတ်လုပ်သည့်” iPhone သည် သမိုင်းတွင်သည့် တရုတ်နိုင်ငံကို ကျော်လွန်၍ အိန္ဒိယနိုင်ငံမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်
နယူးဒေလီ ၊ ဇူလိုင် ၂၉
iPhone တင်ပို့မှုတွင် အိန္ဒိယနိုင်ငံသည် အထူးသဖြင့် အမေရိကန်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံကို သိသိသာသာကျော်လွန်ခဲ့ကာ အိန္ဒိယနိုင်ငံထုတ်ပစ္စည်းများ အပေါ် ဝယ်လိုအား လည်း တိုးတက်လာပါသည်။ မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် အိန္ဒိယနိုင်ငံမှ အမေရိကန်သို့ iPhone တင်ပို့မှုသည် တရုတ်နိုင်ငံကို ကျော်လွန်ခဲ့ပြီး ယမန် နှစ်ကထက် ၇၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဆိုပါသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ထုတ်ကုန်များပေါ် အပြန်အလှန် အခွန် (၃၀) ရာခိုင်နှုန်း ကောက်ခံခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်ပြီး၊ ယင်းသည် အမေရိကန် ဈေးကွက်အတွင်းသို့ အိန္ဒိယမှ iPhone တင်ပို့မှုကို တိုးတက်စေရန် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်ပါသည်။
CNBC သတင်းဌာန၏ အစီရင်ခံစာအရ၊ ဧပြီလအတွင်း အိန္ဒိယနိုင်ငံမှ အမေရိကန်နိုင်ငံသို့ iPhone အလုံး ၃ သန်း (အလုံးသိန်း ၃၀) တင်ပို့နိုင်ခဲ့ပြီး၊ တရုတ်နိုင်ငံက အလုံး ၉၀၀,၀၀၀ သာ တင်ပို့နိုင်ခဲ့သည်ဟု ဆိုပါသည်။ ယင်းသည် အိန္ဒိယနိုင်ငံမှ iPhone တင်ပို့မှု ၇၆ ရာခိုင် နှုန်းအထိ တိုးတက်လာခြင်းဖြစ်ကာ၊ သိသာထင်ရှားသော အပြောင်းအလဲဖြစ်သည်။ Apple သည် ထို အကူးအပြောင်းကို အဆင်ပြေချောမွေ့စေရန် နှစ်ပေါင်းများစွာ ဗျူဟာတစ်ခုကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် Covid ကူးစက်ရောဂါကြောင့် ထောက်ပံ့ရေး ကွင်းဆက် ပြတ်တောက်မှု များကြောင့် Apple သည် တရုတ်နိုင်ငံပြင်ပတွင် ထုတ်လုပ်မှုလုပ်ငန်းများ ထူထောင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် iPhone ထုတ်လုပ်မှု ဒုတိယအကြီးဆုံး ဗဟိုချက်ဖြစ်လာသည်။ ထို့အပြင် ဧပြီလ ၂ ရက်နေ့ မှစ၍ အမေရိကန်က တရုတ်၏ iPhone များအပေါ် အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး၊ အိန္ဒိယနှင့် အခြားနိုင်ငံများအပေါ် အခွန် ၁၀ ရာခိုင်နှုန်းသာ ကောက်ခံခဲ့ခြင်းသည်လည်း အချက်တစ်ချက်ဖြစ်ပါသည်။
Apple CEO Tim Cook က အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် iPhone များသည် အမေရိကန် ဈေးကွက်တွင် ဇွန်လမှစတင်၍ ရရှိတော့မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားပါသည်။ ယင်းသို့ အလားအလာကောင်းဖြင့် တိုးတက်လာသော်လည်း သုတေသနဌာနများက ကာလ တိုသာ ဖြစ်နိုင်လိမ့်မည်ဟု သတိပေးပြောကြားကြပါသည်။ iPhone ၏ ဝယ်လိုအား အမေရိကန် ဈေးကွက်တွင် သုံးလပတ်တိုင်းတွင် သန်း ၂၀ ကျော်ခန့်ရှိနိုင်ရာ၊ အိန္ဒိယအနေဖြင့် ၂၀၂၆ ခုနှစ် မတိုင်မီအထိ ရည်မှန်းချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ဦးမည်မဟုတ်ပေ။ သို့သော် Apple က အိန္ဒိယတွင် ထုတ်လုပ်နိုင်စွမ်းကို မြင့်တင်ရန် ကြိုးပမ်းလျက်ရှိသော်လည်း မည်မျှ အထိ တိုးချဲ့ထုတ်လုပ်နိုင်မည် ဆိုသည်မှာ အကန့်အသတ်ရှိနေပါသည်။
ကိုးကား- India TV
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ နစက-၂