အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်များကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ပြော
အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ယင်းတို့၏ အကျိုးစီးပွားအပေါ်အခြေခံ၍ ကုန်သွယ်ရေးနှင့် စီးပွားရေးမိတ်ဖက်များကို ရွေးချယ်ခွင့်ရှိကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဩဂုတ် ၅ ရက်၌ ပြောကြားခဲ့သည်။
“အချုပ်အခြာအာဏာပိုင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်များကို အမှီအခိုကင်းစွာ ရွေးချယ်ခွင့်ရှိသလို ၎င်းတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံတွေကိုလည်း ဆုံးဖြတ်ခွင့်ရှိပါသည်” ဟု အိန္ဒိယအပေါ် အမေရိကန်၏ စည်းကြပ်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုများနှင့်စပ်လျဉ်း၍ ပက်စ်ကော့ဗ်က မှတ်ချက်ပြု ခဲ့သည်။ ရုရှားနှင့် ကုန်သွယ်ရေး ဆိုင်ရာ ဆက်ဆံမှုများ ဖြတ်တောက်ရန်အတွက် ကမ္ဘာ့နိုင်ငံများအား အကျပ်ကိုင်ရန် ရည်ရွယ်သည့် ကြေညာချက်များ ထွက်ပေါ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုမှုများမှာ တရားဝင်မှု မရှိဟုယူဆကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှားထံမှ ရေနံများဝယ်ယူတင်သွင်းကာ ထပ်ဆင့်ရောင်းချမှုနှင့် ပတ်သက်၍ အိန္ဒိယအား စည်းကြပ်ခွန် နှုန်းထား သိသိသာသာ တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဩဂုတ် ၄ ရက်၌ ၎င်း၏ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်သည့် Truth Social ၌ ရေးသားခဲ့သည်။
ဩဂုတ် ၅ ရက်က CNBC ရုပ်သံနှင့် အင်တာဗျူးတစ်ခု၌လည်း ထရမ့်က အိန္ဒိယအား စည်းကြပ်ခွန် တိုးမြှင့်မည်ဟူသော ခြိမ်းခြောက်မှုကို ထပ်လောင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့ ၂၅ ရာခိုင်နှုန်း နှင့် သဘောတူထားပြီးပါပြီ။ သို့သော် ၎င်းတို့က ရုရှားဆီကနေ ရေနံဝယ်ယူနေသည့်အတွက် လာမည့် ၂၄ နာရီအတွင်း အဆိုပါနှုန်းထားကို အများအပြားတိုးမြှင့်ရမည်ဟု ထင်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။ ဆက်လက်၍ အိန္ဒိယသည် ကောင်းမွန်သော ကုန်သွယ်ဖက်မဟုတ်ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရုရှားထံမှ ရေနံတင်သွင်းမှုများအပေါ် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့၏ ဝေဖန်မှုများမှာ လျော်ကန်မှုမရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိဟုဆိုကာ ပယ်ချခဲ့သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ကိုးကား - Xinhua