ရုရှားစီးပွားရေး လုပ်ငန်းရှင်များအပါအဝင် ငွေကြေးချမ်းသာသူများအား ဆွဲဆောင်သည့် နည်းလမ်းအဖြစ် ထွက်ပေါ်လာသည့် ဒေါ်နယ်ထရမ့်၏ Trump Gold Card အစီအစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့်ပေးအပ်မည့် ရွှေရောင်အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် Trump Gold  Card ဟု  အမည်ပေးထားသော အစီအစဉ်သည် ရုရှားနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှ  ငွေကြေးဓနကြွယ်ဝသူများအား နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံလာ စေရန် ဆွဲဆောင်သည့် နည်းလမ်းတစ်ရပ်အဖြစ် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။

ထရမ့်အစိုးရအနေဖြင့် ဒေါ်လာ ၅ သန်း ပေးသွင်းပြီး  နိုင်ငံအတွင်း၌ အမြဲတမ်း နေထိုင်ခွင့်ရရှိစေမည့် Trump Gold Card အစီအစဉ်ကို အခွင့်အလမ်းတစ်ရပ်အဖြစ် လာမည့်ရက်ပိုင်းအတွင်း စတင်ဖော်ဆောင်မည်ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ  ငွေကြေးချမ်းသာကြွယ်ဝသည့် မည်သည့်နိုင်ငံသားမဆို  အမေရိကန်အစိုးရထံသို့ ဒေါ်လာ ၅  သန်းပေးသွင်းပါက   အမေရိကန်ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် Trump  Gold  Card ရရှိမည်ဖြစ်သည်။   ယင်းအစီအစဉ်ကို    ထရမ့်က ဖေဖော်ဝါရီလ ၂၄  ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးကြွယ်ဝသူအချို့သည် ရွှေရောင်အမြဲတမ်း နေထိုင်ခွင့်ဖြစ်သည့် Trump  Gold  Card  အတွက်  ဒေါ်လာ၅  သန်းပေးသွင်းရန် တတ်စွမ်းနိုင်သည်ဟု ၎င်းကယူဆလျက်ရှိသည်။

အကယ်၍ ရုရှားနိုင်ငံသားများအပါအဝင် အခြားနိုင်ငံများမှ   ချမ်းသာကြွယ်ဝသူများက   အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်မည်ဆိုပါက ၎င်းငွေကြေး ချမ်းသာသူများသည်    နိုင်ငံအတွင်း ငွေကြေးအမြောက်အမြား သုံးစွဲမည့်အပြင် အမေရိကန်အစိုးရအတွက်  အခွန်များ ရှာဖွေပေးနိုင်ရုံသာမက   အမေရိကန်ပြည်သူ အများအပြားအတွက်လည်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု ထရမ့်ကယုံကြည်လျက်ရှိသည်။

ထရမ့်အစိုးရအနေဖြင့် အမေရိကန်တွင် လက်ရှိအသုံးပြု ဖော်ဆောင်နေသည့် EB-5 program အစီအစဉ်ကို အဆိုပါ Trump Gold Card အစီအစဉ်ဖြင့် အစားထိုးမည်ဖြစ်သည်။ အမေရိကန်အစိုးရသည် EB-5 program အစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၎င်းအစီအစဉ်အရ နိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံသူများကို  အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါ EB-5 program အစီအစဉ်ကို အမေရိကန်ကွန်ဂရက်က   အတည်ပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်းသို့   နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ၎င်းအစီအစဉ်အရ အမေရိကန်ဝန်ထမ်း သို့မဟုတ် အလုပ်သမား အနည်းဆုံး  ၁၀ ဦး တာဝန်ထမ်း ဆောင်နေသည့် အမေရိကန် ကုမ္ပဏီတစ်ခုတွင် ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံရုံဖြင့် အစိုးရက ၎င်းတို့အား နိုင်ငံအတွင်း အမြဲတမ်း နေထိုင်ခွင့်ပြုခြင်းဖြစ်သည်။

သို့သော် EB-5 program အစီအစဉ်သည် မသမာမှုများကိုဖြစ်ပေါ်နိုင်စေသည့် အလားအလာရှိသည်ဟု   အမေရိကန် ကွန်ဂရက်သုတေသနအဖွဲ့က ၂၀၂၁ ခုနှစ်တွင်   ထုတ်ဖော်ပြောကြားထားသည်။ ထို့ကြောင့် လက်ရှိထရမ့်အစိုးရက အစီအစဉ်အသစ်လည်းဖြစ်   ရုရှားအပါအဝင် အခြားငွေကြေးကြွယ်ဝသူများအား နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီး ရင်းနှီးမြှုပ်နှံရန်အတွက်   အစီအစဉ်အသစ်အဖြစ် Trump Gold Card အစီအစဉ်ကို ဖော်ဆောင်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ယခုဖော်ဆောင်မည့် Trump Gold Card အစီအစဉ်သည် ယခင်ကအသုံးပြုခဲ့သော EB-5 program အစီအစဉ်ရှိ မသမာမှုများကို ဖယ်ရှားပစ်မည်ဖြစ်သည့်အပြင် Trump Gold Card ကိုင်ဆောင်သူများ အနေဖြင့် နောက်ဆုံးတွင်  နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရရှိမည်ဖြစ်သည်။ ထို့ပြင် Trump  Gold  Card  အစီအစဉ်အရ နိုင်ငံအတွင်း၌ အမြဲတမ်းနေထိုင်ခွင့် ရရှိသူများသည် ယခင် EB-5 program အစီအစဉ်အရ အမြဲတမ်းနေထိုင်ခွင့် ရရှိသူများထက် အထူးခံစားခွင့်များရရှိမည်ဖြစ်သည်ဟု အစိုးရက ကြေညာထားသည်။

Trump Gold Card အစီအစဉ်မှရရှိသည့်  ငွေကြေးများကို  အစိုးရ၏အသုံးစရိတ် လိုငွေပြမှုများအား လျှော့ချရာတွင် အသုံးပြုရန်  ထရမ့်အစိုးရက စီစဉ်ထားသည်။ အမေရိကန်အစိုးရအနေဖြင့် ၂၀၂၆ ခုနှစ်အတွက်  အသုံးစရိတ်လိုငွေပြမှု လျှော့ချနိုင်ရေးအတွက်  တစ်ရက်လျှင် ပျမ်းမျှ ဒေါ်လာ ၄ ဘီလီယံလျှော့ချရန် လိုအပ်သည်ဟု အမေရိကန်စွန့်ဦးတီထွင်သူနှင့်  အမေရိကန်အစိုးရ စွမ်းဆောင်ရည်ဌာန (DOGE) အကြီးအကဲ အီလွန်မက်က ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ထရမ့်အစိုးရအား အဆိုပြုခဲ့သည်။ ထို့ကြောင့် Trump Gold Card အစီအစဉ်သည် အမေရိကန်၏ အကျိုးစီးပွား ဖော်ဆောင်မှုအတွက် အောင်မြင်မှု ရရှိစေနိုင်သည်ဟု ထရမ့်က မျှော်လင့်လျက် ရှိသည်။

Source: Myawady Web Portal

Subject-Image

  • trump gold card

Posted-Date