သာပေါင်းမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက ၅၇၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်းမြို့နယ်၌ ပြီးခဲ့သည့်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးဧက ၅၇၀၀၀ ကျော် ပြန်လည်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူ၏ ပြောကြားချက်အရ သိရသည်။
မိုးသီးနှံစိုက်ပျိုးရာသီက သာပေါင်းမြို့နယ်၌ စပါး ၆၈,၂၉၇ ဧက လျာထားစိုက်ပျိုးခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးခဲ့သည့်စပါးများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလက စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိအချိန်ထိ ၅၇,၆၄၇ ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ထိုသို့ရိတ်သိမ်းပြီးဖြစ်သည့် စပါးတစ်ဧကလျှင် ၈၉ ဒသမ ၂၁ တင်းခန့် ထွက်ရှိကြောင်း သိရသည်။
''ပြီးခဲ့တဲ့မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့တဲ့ စပါးလျာထားဧက ၆၈၂၉၇ ဧကကို ပြန်လည်ရိတ်သိမ်းခဲ့တာ ဒီနေ့အထိ ၅၇,၆၄၇ ဧက ပြီးစီးပြီဖြစ်ပါတယ်။တောင်သူတွေ မိုးစပါးတွေအခက်အခဲမရှိစိုက်ပျိုးနိုင်ဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ သွင်းအားစုတွေရရှိဖို့နဲ့ အထွက်နှုန်းကောင်းမွန်စေဖို့ တခြားဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်''ဟု ဒေါ်အေးအေးမူကပြောသည်။
သာပေါင်းမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီက မိုးစပါးများ ပိုးမွှားအန္တရာယ် ကင်းရှင်းစေရေး၊ ရွှေခရုဖျက်ဆီးမှုမရှိစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍသည် အဓိကကျကြောင်း၊ စားရေရိက္ခာဖူလုံ ပိုလျှံမှုရှိမှသာ တိုင်းပြည်သာယာဝပြော မည်ဖြစ်သည်။ စားရေရိက္ခာနှင့်ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့်ဆန်စပါးသည် ပြည်တွင်း၌ ဖူလုံမှုရှိသည့်အပြင် ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိရာသာပေါင်းမြို့နယ်မှ တောင်သူများအနေဖြင့် ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းဈေးကွက်၌ ဆန်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည့်အပြင် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်လည်း အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/eco