ကျောက်ဆည်မြို့နယ်၌ မိုးကြိုပဲတီစိမ်း ၃၄၆၉ ဧကလျာထားပြီး စတင်စိုက်ပျိုး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သင်တွဲ၊ ငပြောင်၊ ဇီးတော၊ သင်းဒီး၊ ထုံးကြီး၊ စမာဆည်ရေပေးမြောင်းများဖြင့် မိုးကြိုပဲတီစိမ်း ၃၄၆၉ ဧက စိုက်ပျိုးရန်လျာထားပြီးယခုအချိန်တွင် စတင်စိုက်ပျိုးလျက်ရှိသည်။
မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် ဇော်ဂျီမြစ်ရေသောက်စနစ်၊ သင်းတွဲဆည် သင်းတွဲမြောင်းရေဖြင့် ၂၀၁၁ ဧက၊ ငပြောင်ဆည် ငပြောင်မြောင်းရေဖြင့် ဧက ၂၈၀၊ဇီးတောဆည် တမုတ်မြောင်းရေဖြင့် ဧက ၁၁၀၊ကင်းတားဆည် သင်းဒီးမြောင်းရေဖြင့် ဧက၃၀၊ ထုံးကြီးမြောင်းရေဖြင့် ၃၄၁ ဧက၊ စမာမြောင်းရေဖြင့် ၆၉၇ ဧက စုစုပေါင်း ၃၄၆၉ ဧက လျာထားစိုက်ပျိုးလျက်ရှိသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြိုပဲတီစိမ်းသီးနှံများစိုက်ပျိုးရာတွင် တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေးနှင့် စိုက်ပျိုးဧကများလျာထားချက်ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တောင်သူများနှင့်တွေ့ဆုံ၍ ဒေသနှင့် ကိုက်ညီသည့် မျိုးစေ့များ၊ စိုက်နည်းစနစ်များ၊ အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်းများကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်မှာ မျိုး၊ မြေ၊ ရေ၊ နည်းဖြစ်ပြီး မြေကောင်းမြေသန့်ဖြစ်စေရန် မြေဩဇာကို သဘာဝနည်းဖြင့် မှန်ကန်စွာအသုံးချရေး၊ စိုက်ပျိုးရေအပြည့်အဝရရှိရေးနှင့် ရာသီဥတုနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ တွေ့ကြုံလာသည့် ရာသီဥတုအခြေအနေအပေါ်မူတည်၍ စိုက်ပျိုးနည်းစနစ်များပြောင်းလဲစိုက်ပျိုးရန်လိုအပ်ကြောင်းသိရသည်။
Source: https://myawady.net.mm/eco