ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက ၁၄၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံ ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးပြီးစီးပြီဖြစ် ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
ပုသိမ်ခရိုင်၌ ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် သီးနှံစုံလျာထားဧက ၁၄,၆၂၉ ဧကကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်က စတင်စိုက်ပျိုးခဲ့ရာ လက်ရှိ တွင် ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါသီးနှံစုံ ၁၄,၆၂၉ ဧကတွင် ပုသိမ်မြို့နယ်၌ ၁၇၁၅ ဧက၊ ကန်ကြီး ထောင့်မြို့နယ်၌ ဧက ၂၄၁၀၊ သာပေါင်း မြို့နယ်၌ ၄၅၇၉ ဧက၊ ငပုတောမြို့နယ် ၌ ၅၉၂၅ ဧကဖြစ်ကြောင်း သိရသည်။
''ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပုသိမ် ခရိုင်အနေနဲ့ သီးနှံစုံဧက ၁,၄၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ တောင်သူတွေ သီးနှံ တွေစိုက်ပျိုးရာမှာ အထွက်နှုန်းကောင်း စေဖို့၊ မျိုးစေ့ရွေးချယ်မှုမှန်ကန်စေဖို့၊ ဈေးကွက်ဝင်တဲ့သီးနှံတွေ စိုက်ပျိုးနိုင်စေ ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ တောင်သူတွေ စိုက်ပျိုးမယ့်သီးနှံတွေ ပိုးမွှားရောဂါ ကင်းရှင်းစေဖို့အပါအဝင်တခြားနည်း ပညာပေးလုပ်ငန်းတွေကို စိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါ တယ်'' ဟု ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူကပြော သည်။
ပုသိမ်ခရိုင်၌ သီးနှံများ လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့်ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ သီးနှံစုံ ၁၄,၆၂၉ ဧကတွင် ပန်းဂေါ်ဖီ၊ နံနံ၊ မုန်လာ၊ တိုင်ထောင်ပဲ၊ ခရမ်း၊ ဘူး၊ ရုံးပတီ၊ ကြက် ဟင်းခါး၊ ရွှေဖရုံ၊ ဟင်းနုနယ် စသည့်သီးနှံ များကို အများဆုံးစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးသီးနှံများကို လျာထားချက်ပြည့်မီ အောင်စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံး မှုဖူလုံစေပြီး သီးနှံဈေးနှုန်းများလည်း တည်ငြိမ်ကျဆင်းလာမည်ဖြစ်ကာ ဒေသခံ တောင်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/eco