ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ

Posted_Date

Image

ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံယာဂုပွဲ

Body

“ပေါက်လဲပွင့်တုံ၊

 ဆူးပန်းငုံ၊

 မီးပုံယာဂုပွဲ”

 (ကင်းဝန်မင်းကြီး)

ပေါက်ပန်း၊ လဲပန်း၊ ဆူးပန်းတို့ ဖူးပွင့်ခဲ့လေပြီ။ ပြာသိုမှာ ခွာညိုပန်းတို့ သင်းရနံ့လှိုင်ခဲ့ကြသလို တပို့တွဲလအခါသမယတွင်လည်း ပေါက်၊ လဲ၊ ဆူးတို့ မြူးကြွစွာ ဖူးပွင့်ခဲ့လေပြီ။

မြန်မာ့အလှသဘာဝကို ဖော်ဆောင်

မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီတွင် လတိုင်းလတိုင်းသည် အနက်အဓိပ္ပာယ်နှင့် မြန်မာ့အလှသဘာဝကို ဖော်ဆောင်ရင်း ဘာသာရေးကို အခြေခံသောပွဲတော်များကို လအလိုက် ဆင်ယင်ကျင်းပခဲ့ကြသည်။ တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည့်အတွက် အလွန်အေးချမ်းလှသည့် ထိုရာသီတွင် အအေးလွန်ကဲ၍ နှာရည်များပင်ကျသည့်အတွက် ရှေးစာဆိုတော်ကြီးများက “နှာရည်ယိုရွှဲ တပို့တွဲ”၊ “တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါ” ဟု တင်စားရေးသားခဲ့ကြသည်။

တပို့တွဲလသည် နှင်းမှုန်၊ နှင်းစက်၊ နှင်းငွေ့များဖြင့် ရီဝေမှုန်ဝါးကာ အေးချမ်းသာယာပြီး လူတို့၏ နှလုံးဘဝင်ကို စိတ်ပျော်ရွှင်စေသော လလည်းဖြစ်ပါသည်။ တပို့တွဲလကို ပုဂံခေတ် ကျောက်စာများတွင် တပိုဒ်တွယ်၊ တပိုတွဲ၊ တပိုင်တွဲဟူ၍ အမျိုးမျိုးရေးသားခဲ့ကြပြီး မျက်မှောက်ခေတ်တွင် တပို့တွဲဟူ၍သာ ခေါ်ဝေါ်ခဲ့ကြသည်။

တပို့တွဲလ၏အမည်သည် ထိုရာသီတွင် ဖူးကြသီးကြသော ထန်းပင်ကို အကြောင်းပြု၍ ခေါ်ဝေါ်ခဲ့ကြောင်း စာပေများတွင် တွေ့ရပေသည်။ တပို့တွဲလတွင် ထန်းဖူးထန်းခိုင်တို့ကို အောက်သို့ တွဲလောင်းကျအောင် ပြုလုပ်၍ ထန်းရည်နင်းသည်ကို အစွဲပြုကာ တပို့တွဲလဟု တွင်လာကြကြောင်း စာဆိုများက ရေးသားခဲ့ကြသည်။ တပို့တွဲလနှင့် ပတ်သက်၍ စာဆိုဦးယာက “ပေါက်လဲ ငုံကင်း၊ ထန်းယဉ်နင်းသည်၊ နှင်းစီစီငယ်နှင့်လေး” ဟူ၍ ရာသီပန်းနှင့် အေးချမ်းသောအချိန်အခါ၊ ထန်းများဖူးသောလကို စာဆိုရှင်က မြင်သာအောင် ရေးပြခဲ့သည်။ ထို့အတူ ကျော်အောင်စံထား ဆရာတော်ကြီးကလည်း ဝေါဟာရတ္ထပကာသနီကျမ်းတွင် လယ်သမားများသည် လယ်ယာကိစ္စအချို့ပြီး၍ လယ်ယာလုပ်ကိရိယာများဖြစ်သော ထမ်းပိုးများကို ဆွဲထားလေ့ရှိသောကြောင့် ထမ်းပိုးဆွဲမှ တပို့တွဲလဟူသောစကားဖြစ်ပေါ်လာသည်ဟု မြန်မာဆန်ဆန် ကြံစည်ယူဆခဲ့ကြသည်ဟု ဆိုထားပြန်သည်။

မီးဖုန်းပွဲနှင့် ထမနဲပွဲများ

မြန်မာတို့၏ ၁၂ လရာသီတွင် ဘာသာရေးကို အခြေခံသော ကောင်းမှုပွဲတော်များကို ဆင်ယင်ကျင်းပခဲ့ကြရာ၌ တပို့တွဲလတွင်လည်း ရှေးမြန်မာမင်းများ လက်ထက်ကပင် အဓိပ္ပာယ်အနှစ်သာရ ပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့ကြရာ တပို့တွဲလတွင် ဘာသာရေးကို အခြေခံသော မီးအလှူပွဲ (ခေါ်) မီးဖုန်းပွဲနှင့် ထမနဲ (ထမင်းနှဲ) ပွဲများမှာ မြန်မာ့ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် ထင်ရှားပါသည်။

တပို့တွဲလ၏ အချမ်းအအေးဒဏ်ကြောင့် သုံးလောကထွတ်ထား မြတ်စွာဘုရားကိုယ်တော်တိုင်ပင် တပို့တွဲလညများ၌ ဆီးနှင်းများ ပြင်းထန်စွာကျ၍ ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသောကြောင့် ဓာတ်ကြီးလေးပါးမျှတစေရန် မီးအိုးကင်းတွင် ရွှေလက်တော်တင်ကာ မီးလှုံတော်မူခဲ့ကြောင်း မှတ်သားရသည်။ ဤသည်ကို အစွဲပြု၍ ရှေးမြန်မာတို့သည် တပို့တွဲလတွင် မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ) ကို ဆင်နွှဲခဲ့ကြသည်။

မီးကုသိုလ်ပြုပွဲ (မီးဖုန်းပွဲ) တွင် နံ့သာထင်းများဖြင့် မြတ်စွာဘုရားအား ပူဇော်ခဲ့ကြသည်။ မြန်မာနိုင်ငံ မန္တလေး၊ ရွှေဘိုစသည့် အထက်အညာဒေသရှိ အချို့အရပ်များတွင် တပို့တွဲလဆန်းရောက်ပါ က တောထဲသို့သွား၍ သနပ်ခါးထင်းများ ခုတ်ကာ နေပူလှန်းထားကြသည်။ တပို့တွဲလပြည့်နေ့ ရောက်သောအခါတွင် ခြောက်နေပြီဖြစ်သော နံ့သာထင်းများကို စေတီပုထိုး ရုပ်ပွားတော်များရှေ့တွင် စေတီသဏ္ဌာန်၊ ပြာသာဒ်သဏ္ဌာန် ပြုလုပ်၍ မီးပူဇော်ကာ မီးကုသိုလ်အလှူကို ပြုကြသည်။ တချို့အရပ်ဒေသတွင် ဘုရားပုထိုးစေတီသာမက သံဃာများကိုလည်းကောင်း၊ သက်ကြီးရွယ်အိုများကိုလည်းကောင်း နံ့သာထင်းများဖြင့် မီးအိုးကင်းလှူတတ်ကြသည်။

မီးကုသိုလ်ပြုပွဲနှင့်ပတ်သက်၍ မြင်းခွာရွာစား၏ရတုတွင် “ပေါက်လဲ ပွင့်လှိုင်၊ လနှင့်ပြိုင်က၊ ဘုန်းခိုင်မြတ်ဖျား၊ ကိုယ်တော်စားဟု၊ သုံးပါးရတနာ၊ ဖြတ်ရာရာဝယ်၊ သဒ္ဓါကြည်လင်၊ ပျော်မြူးရွှင်လျက်၊ သဘင်မီးပုံး၊ တပြုံးပြုံးသည်” ဟု ဖွဲ့ဆိုထားသည်။

ထို့အတူ စာဆို ဦးယာကလည်း “သုံးလူ့ချာကို၊ ရှိန်ဝါရောင်ညီး၊ မီးပုံး ပူဇော်၊ လှူတော်လှူမြဲ၊ ရာသီပွဲ” ဟုလည်းကောင်း၊ ဆီသည်ရွာစား ဦးအောင်ကြီးက “ယာဂုအဖျော်၊ ပူဇော်ရွှင်ပြုံး၊ ပွဲမဆုံးလျှင်၊ မီးပုံးသဘင်၊ လှူကြီးရင်သည်၊ ချောင်ရင်နိဗ္ဗာန်ကျွန်းတည့်လေ”ဟူ၍လည်းကောင်း ဖွဲ့ဆိုခဲ့ကြ သည်။ ယခုအခါ နံ့သာထင်းများ ရှားပါးလာသည့်အတွက် မီးကုသိုလ်ပွဲ (မီးဖုန်းပွဲ) ပြုလုပ်သည့် အလေ့အထမှာ တစ်စတစ်စ ပျောက်ကွယ်လုနီးပါးဖြစ်လာပြီး မီးဖုန်းပွဲအစား ထမနဲပွဲကိုသာ ကျင်းပခဲ့ကြပေ သည်။

ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာကျင်းပ

မြန်မာတို့သည် တပို့တွဲလရောက်တိုင်း နိုင်ငံတစ်ဝန်း မြို့ရွာကျေးလက်အနှံ့ အလှူရှင် တစ်ဦးချင်းမှသည် အများစုပေါင်း၍ ယာဂုထမနဲထိုးပွဲများကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။ အလှူရှင်များက ထမနဲများကို ရဟန်းသံဃာ၊ လူပရိသတ်အပေါင်းကို လှူဒါန်းကျွေးမွေးကုသိုလ်ပြုသည့်ဓလေ့သည် မြန်မာလူမျိုးတို့၏ ချစ်စရာကောင်းသည့် ယဉ်ကျေးမှုဓလေ့တစ်ရပ်ကို ဖော်ပြလျက်ရှိသည်။

တပို့တွဲလ အခါသမယသည် အလွန်အေး၍ အဆီခြောက်ခန်းချိန်ဖြစ်သည့်အတွက် ထိုလတွင် ဆီနိုင်သော အပူစာထမနဲကို သုံးဆောင်လျှင် အသားအရေ စိုပြည်၍ အပူဓာတ်ရလာနိုင်သည့် ရာသီကိုက်ဓာတ်စာဖြစ်ကြောင်း ဆေးကျမ်းများတွင် ရေးသားထားပါသည်။ ယနေ့ခေတ်တွင် ထမနဲဟုခေါ်ကြသော်လည်း ထမင်းနှဲဟူ၍ ရေးထုံးရှိသည်။ ကောက်ညှင်းကို နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်းစသည်တို့ဖြင့် စီမံပြုလုပ်ထားသော ချိုဆိမ့်မွှေးအရသာရှိသည့် မြန်မာ့အစားအစာ ဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တလဲလဲကော်များ၊ ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနှဲဟု ခေါ်ဆိုကြောင်း သိရသည်။ အလားတူ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသဖြင့် နှမ်းမနဲဟုလည်း ခေါ်ဆိုကြပြန်သည်။

တပို့တွဲလတွင် ရှေးမြန်မာမင်းများ လက်ထက်ကပင် မီးဖုန်းပွဲနှင့်အတူ ထမနဲပွဲကို ကျင်းပခဲ့ကြသည်။ အစောဆုံးတွေ့ရသော ထမနဲပွဲမှာ ညောင်းရမ်း ခေတ်နောက်ပိုင်း (ဒုတိယအင်းဝခေတ်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း စာပေကျမ်းဂန်များတွင် တွေ့ရှိရသည်။ ထမနဲထိုးရာတွင် ယောကျ်ားကြီးများ အားကောင်းမောင်းသန် ချွေးပြိုက်ပြိုက်ကျအောင် စည်းလုံးညီညွတ်စွာထိုးကြရသဖြင့် စည်းလုံးချစ်ခင်မှုနှင့်အတူ အေးမြသောရာသီကို အန်တုယှဉ်ပြိုင်ကာ  ထိုးကြရသဖြင့် ကျန်းမာရေးအတွက်လည်း ကောင်းမြတ်လှပေသည်။

တပို့တွဲလ၏ ထူးမြတ်ချက်မှာ မီးဖုန်းပွဲနှင့် ထမနဲပွဲတော်ကျင်းပခြင်းပင်ဖြစ်သည်။ ထိုပွဲတော်နှစ်ရပ်လုံးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ရည်စူးရည်မှန်းကာ ပူဇော်သော အလှူပွဲများဖြစ်ရာ တပို့တွဲလအခါသမယသည် မြန်မာလူမျိုးတို့၏ ရိုးရာပွဲတော်များနှင့် အတူ ပျော်ရွှင်ကြည်နူးစရာ လတစ်လဖြစ်ပါတော့သည်။ ။

Source: www.moi.gov.mm

 

ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများကြားမှ တံတားတစ်စင်းဖြစ်သည့် ခရီးသွားလုပ်ငန်း

Posted_Date

Image

ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများကြားမှ တံတားတစ်စင်းဖြစ်သည့် ခရီးသွားလုပ်ငန်း

Body

ခရီးသွားခြင်းသည် အတွေ့အကြုံသစ်များကို ရရှိစေပြီး အတွေးအမြင်ကို တိုးတက်စေပါသည်။ ယဉ်ကျေးမှုအသစ်များကို ဖော်ထုတ်ပေးကာ မတူညီသောနောက်ခံများမှ လူအများနှင့် ချိတ်ဆက်ရန် ကူညီပေးသည်။ သမိုင်း၊ အနုပညာနှင့် ဓလေ့ထုံးတမ်းများကို လက်တွေ့လေ့လာသင်ယူနိုင်သည်။ ထို့အပြင် ခရီးသွားခြင်းသည် အပန်းဖြေရန်၊ ဗဟုသုတရှာဖွေရန်နှင့် ရေရှည်တည်မြဲသော အမှတ်တရများကိုဖန်တီးရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်သည်။ ခရီးစဉ်တစ်ခုသည် ကိုယ်ပိုင်တိုးတက်မှုနှင့် ရှာဖွေတွေ့ရှိမှုအတွက် အခွင့်အလမ်းဖြစ်သည်။ ခရီးသွားလာမှုပုံစံသည် ခေတ်အဆက်ဆက်ပြောင်းလဲလာပြီး ခေတ်မီလာသည့် ခရီးသွားလုပ်ငန်းအဖြစ် ပေါ်ထွန်းလာကာ တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာသည်။ ခရီးသွားလုပ်ငန်းဟူသည် ကမ္ဘာပေါ်တွင် အကြီးမား ဆုံးစီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ရေးကို များစွာအထောက်အကူပြုလျက် မီးခိုးမထွက်သောစက်ရုံဟု တင်စားသတ်မှတ်ထားသည့် အစိမ်းရောင်စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်း၏ အရေးပါမှု

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ ခိုင်မြဲရေးတို့ကို မြှင့်တင်ရာတွင် ဘက်စုံကဏ္ဍစုံမှ ခရီးသွားလုပ်ငန်းအခန်းကဏ္ဍကို အလေးပေး ဖော်ပြသည်။ COVID-19 ကူးစက်ရောဂါမတိုင်မီက ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ GDP ၏ ၁၀ ရာခိုင် နှုန်းနီးပါးရှိပြီး သန်းနှင့်ချီ၍ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှုများ ဖန်တီးပေးခဲ့သည်။ ခရီးသွားလုပ်ငန်းသည် ဒေသတွင်းစီးပွားရေးကို ပံ့ပိုးပေးခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်း၏ သဘောသဘာဝအရ လုပ်ငန်းနယ်ပယ်ပေါင်းစုံတွင် အကျိုးဖြစ်ထွန်းစေသည်။ မြို့ပြနှင့် ကျေးလက်ဒေသများတွင်ရှိသည့် အမျိုးသမီးများ၊ လူငယ်များနှင့် ကျေးလက်နေပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်သည့်အပြင် တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့များ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝအရင်းအမြစ်များနှင့် အလှအပများကို ဖွင့်လှစ်ပြသနိုင်သည့် အခွင့်အလမ်းများလည်း ရရှိစေသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍကို ပိုမိုကောင်းမွန်စေရေး စီမံခန့်ခွဲပေးနိုင်ရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်လျော်ညီသော ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မှုများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ပြီး ဆက်စပ်စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းကို မှီခိုရပ်တည်နေရသည့် အများပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာထိခိုက်ဆုံးရှုံးခဲ့ရ သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID–19 Economic Relief Plan) အရ နိုင်ငံတော်ဘဏ္ဍာငွေ၏ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ သုံးစွဲရန် သတ်မှတ်ထားခဲ့ရာ ခရီးသွားကုမ္ပဏီ ၂၄၄ ခု၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၃၃၉ ခုတို့ကို ငွေကျပ် ၂၁ ဒသမ ၄ ဘီလီယံ ထုတ်ချေးခဲ့သည်။ နိုင်ငံပိုင် ငှားရမ်းဟိုတယ်များအတွက် ငှားရမ်းခများကို ခြောက်လရွှေ့ဆိုင်းပေးခြင်းအပြင် ၂၀၂၀ ပြည့်နှစ် ဧပြီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ ၂၁ လကို ငှားရမ်းခ ၅၀ ရာခိုင်နှုန်းလျှော့ချပေးခြင်း၊ ဟိုတယ်၊ မိုတယ်၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် ဧည့်လမ်းညွှန်များ၏ လုပ်ငန်းလိုင်စင်ကြေးများကို တစ်နှစ်စာကင်းလွတ်ခွင့်ပြုခြင်းများ ဖြေလျှော့ ဆောင်ရွက်ပေးခဲ့သည်။ ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဦးစားပေးတစ်ရပ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်း လုပ်ကိုင်နေ သူများကို နိုင်ငံတော်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်များတွင် ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ပေးခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အပေါ် သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနက ကာလတို၊ ကာလလတ်၊ ကာလရှည်ပန်းတိုင်များ အောင်မြင်စေရန်အတွက် မဟာဗျူဟာ ၁၈ ခု၊ အသေးစိတ်စီမံချက် ၉၃ ခု ပါဝင်သည့် “မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရေး မဟာဗျူဟာလမ်းပြမြေပုံ (၂၀၂၁-၂၀၂၅)”  ကို ရေးဆွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး ကိုဗစ် - ၁၉ ကပ်ရောဂါပြန့်ပွားမှုအခြေအနေ လျော့နည်းလာသည်နှင့်အမျှ ပြည်တွင်း ခရီးသွားလာမှုများ စတင်တိုးတက်လာသည်။ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်း/ ပြည်ပ ခရီးသွားလာမှုများ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်လာသည်။ မြန်မာနိုင်ငံသည် ခရီးသွား လုပ်ငန်း ပြန်လည်စတင်ရာတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ကာဗွန် ထုတ်လုပ်မှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် အင်တာနက်အခြေခံဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုရေးစသည့် ကမ္ဘာလုံးဆိုင်ရာရည်မှန်းချက်များကိုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာဖြင့် သွားလာလည်ပတ်နိုင်ရန်၊ ခရီးသွားများအတွက် လိုအပ်သည့် သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြည့်ပြည့်စုံစုံနှင့် လွယ်ကူလျင်မြန်စွာရရှိနိုင်အောင် စီစဉ်ပေးခြင်း၊ ခရီးသွားဧည့်သည်များ၏ ပြည်ဝင်၊ ပြည်ထွက်ခွင့် လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များကိုလည်း လွယ်ကူရှင်းလင်းစေခြင်းတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရွက်ခဲ့သည်။

တာဝန်သိခရီးသွားအမူအကျင့်များ

ခရီးသွားလုပ်ငန်းသည် နိုင်ငံအများအပြားတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပြီး ၎င်း၏အကျိုးကျေးဇူးများသည် စီးပွားရေးလုပ်ငန်းများထက် သာလွန်သည်။ ၎င်းသည်ယဉ်ကျေးမှုဖလှယ် ခြင်းကို အားပေးပြီး မတူကွဲပြားသော လူဦးရေများအကြား နားလည်မှုကို တိုးပွားစေသည်။ သို့သော် အထူးသဖြင့် ခရီးသွားလာမှုအပေါ် ကပ်ရောဂါ၏သက်ရောက်မှုကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် ရေရှည်တည်တံ့မှုကို ဦးစားပေးသည့်ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ရန် အရေးကြီးပါသည်။ အမှိုက်နည်းစေရန်၊ ဒေသတွင်း စီးပွားရေးကို ပံ့ပိုးပေးခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်းကဲ့သို့သော တာဝန်သိခရီးသွားအမူအကျင့်များကို အားပေးအားမြှောက်ပြုရမည်ဖြစ်သည်။ တာဝန်ယူမှုရှိသော ခရီးသွားအမူအကျင့်သည် သွားရောက်လည်ပတ်သည့်နေရာများနှင့် တွေ့ဆုံမည့်သူများအပေါ် အကျိုးသက်ရောက်မှုရှိသည်။

ယဉ်ကျေးမှုကိုလေးစားမှုရှိခြင်း - ဒေသဆိုင်ရာဓလေ့ထုံးတမ်းများ၊ ရိုးရာဓလေ့များနှင့် ဘာသာစကားများကို လေ့လာပြီး လေးစားမှုရှိရပါမည်။ လူမှုအသိုင်းအဝိုင်းများနှင့် လေးစားစွာ ဆက်ဆံရပါမည်။

ပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းမှုရှိခြင်း - အမှိုက်ကို လျှော့ချခြင်း၊ တစ်ခါသုံးပလတ်စတစ်များကို ရှောင်ကြဉ်ပြီး အမှိုက်မပစ်ရန် စည်းမျဉ်းများကို လိုက်နာခြင်းနှင့် ဂေဟစနစ်ဖြင့် သဟဇာတဖြစ်အောင် အတတ်နိုင်ဆုံး နေထိုင်ရပါမည်။

ဒေသန္တရစီးပွားရေးများကိုပံ့ပိုးခြင်း - နေရာထိုင်ခင်း၊ စားသောက်ခြင်းနှင့် သယ်ယူပို့ဆောင်မှုများအတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ရွေးချယ်ခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဒေသန္တရ လူ့အဖွဲ့အစည်းကို ရေရှည်တည်တံ့စေပါသည်။

တောရိုင်းတိရစ္ဆာန်ကာကွယ်ခြင်း - တောရိုင်းတိရစ္ဆာန်များကို အမြတ်ထုတ်သည့် ဆောင်ရွက်မှုများအား ရှောင်ကြဉ်၍ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးကူညီသင့်ပါသည်။

သဘာဝခရီးသွားလုပ်ငန်း (Eco-tourism) သည် ခရီးသွားသူများအား သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များနှင့် သဘာဝပုံရိပ်များကို ကာကွယ်သည့်နည်းလမ်းများကို ထောက်ပံ့သွားနိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝစရိုက်များကို စီမံခန့်ခွဲနိုင်ခြင်း၊ သဘာဝအရင်းအမြစ်များကို လွတ်လပ်စွာ အသုံးပြုနိုင်သည့်အပြင် ဒေသခံများအား ကောင်းမွန်သောဝင်ငွေများကို ဖန်တီးပေးနိုင်သည်။ ခရီးသွားလုပ်ငန်း၌ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ အလေးထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးကို အထောက်အကူပြုသည့်အပြင် ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည်။

ခေတ်မီခရီးသွားလုပ်ငန်း (Modern Travel Business) သည် နည်းပညာတိုးတက်မှုများနှင့် အဆင့်မြင့်ဝန်ဆောင်မှုများကို ချိတ်ဆက်ပြီး ခရီးသွားအတွေ့အကြုံများကို အထူးပြုလုပ်သော လုပ်ငန်းမျိုးဖြစ်သည်။ ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းများသည် အင်တာနက်၊ မိုဘိုင်းအက်ပ်များ၊ ကွန်ပျူတာစနစ်များနှင့် ကုန်ပစ္စည်းအသစ်များကို အသုံးပြု၍ အချိန်တိုင်းခရီးသွားများအတွက် လွယ်ကူ၍ အဆင်ပြေသောဝန်ဆောင်မှုများ ပေးစွမ်းနိုင်သည်။ ခေတ်မီခရီးသွားလုပ်ငန်းတွင် ဝန်ဆောင်မှု များကို ပိုမိုအဆင့်မြင့်လုပ်ဆောင်နိုင်ရန် အနာဂတ်နည်းပညာများဖြစ်သော Virtual Reality (VR), Augmented Reality (AR), Artificial Intelligence (AI) နှင့် Blockchain စနစ်များကို အသုံးပြု၍ ခရီးသွားအတွေ့အကြုံများကို ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်ကြသည်။

ခရီးသွားလုပ်ငန်းသည် စွန့်ဦးလုပ်ငန်းရှင်များနှင့် MSME ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်းများစွာကို ဆောင်ကြဉ်းပေးနိုင်သည်။ ခရီးသွားကဏ္ဍ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် အခြားသော ထုတ်လုပ်မှုကဏ္ဍများအပေါ်တွင်ပါ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်လျက်ရှိရာ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုသည်။ ထို့ပြင် တည်းခိုနေထိုင်ရေးနှင့် ဧည့်သည်အား ဝန်ဆောင်မှုပေးခြင်းကဏ္ဍအပြင် ကျန်းမာရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ လမ်းတံတားကဏ္ဍ၊ ပတ်ဝန်းကျင်သာယာလှပရေးကဏ္ဍ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးပေးနိုင်သည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် မြို့ပြဒေသများအတွက်သာမက ကျေးလက် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေသဖြင့် ‌ဒေသခံများအား အလုပ်အကိုင်နှင့် ပုံမှန်ဝင်ငွေကို တိုးပွားစေပါသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေများစသည့် မတူကွဲပြား ထူးခြားလှပသော သဘာဝရှုခင်းများ၊ သမိုင်းဝင်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့များနှင့် လူနေမှုဘဝပုံစံများသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့်အရာများ ဖြစ်ကြသည်။ ခရီးသွားလုပ်ငန်းသည် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ချိတ်ဆက်ဖန်တီးပေးနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် နိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပြည်တွင်းခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဆိုပါက နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများစွာပြောင်းလဲသွားမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

Source: www.moi.gov.mm

 

 

 


 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

News Image

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းများ ဖျက်ဆီး

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ ဟဲနန်းကျေးရွာအုပ်စု၊ ပေါင်းလိုင်းကျေးရွာမြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း လေးဧကခန့်၊ ဟွေကုန်ကျေးရွာအရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် သုံးပေခန့်ရှိ ဘိန်းခင်း သုံးဧကခန့် စုစုပေါင်းဘိန်းခင်း ခုနစ်ဧကခန့်အားလည်းကောင်း။

လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

News Image

လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။