ညဘက်နောက်ကျမှ အစားစားခြင်း၏ ကောင်းကျိုးနဲ့ ဆိုးကျိုး

Posted_Date

Image

ညဘက်နောက်ကျမှ အစားစားခြင်း၏ ကောင်းကျိုးနဲ့ ဆိုးကျိုး

Body

ညဘက်နောက်ကျမှ အစားစားခြင်း၏ ကောင်းကျိုးနှင့် ဆိုးကျိုး

ညဘက် နောက်ကျမှ အစားစားတာက မကောင်းဘူးလို့ပဲ တထစ်ချ ယုံကြည်နေတုန်းလား! ညဘက် အစား စားတာက မကောင်းဘူးဆိုပေမယ့် လုံးဝဥဿုံ မကောင်းတာမျိုးတော့ မဟုတ်ပါဘူး။ ကောင်းကျိုး ရှိသလို ဆိုးကျိုးလေးတွေလည်း ရှိတာပေါ့။ ဒါကြောင့် စာဖတ်သူတွေသိထားလို့ရအောင် အခုတစ်ခေါက်မှာတော့ ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက ဘာတွေလဲ ဆိုတာကို ပြောပြပေးချင် ပါတယ်။ 

ကောင်းကျိုးတွေကတော့  

အချို့သော အဆာပြေစားစရာတွေက ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်

ညဘက် အစားစားတိုင်း မကောင်းဘူးလို့ ဆိုဖို့ ခက်ပါတယ်။ တကယ်လို့ ညဘက် ဗိုက်ဆာတယ်လို့ ခံစားရချိန်မှာ ထမင်း ထနယ်စားမယ်။ အသင့်စား အစားအစာတွေ စားမယ်။ ဆီကြော်တွေ၊ ခေါက်ဆွဲခြောက်စတာမျိုးတွေကို စားမယ်။ Heavy foods တွေကို စားမယ်ဆိုရင်တော့ ကျန်းမာရေး ဆိုးကျိုး ရှိနိုင်ပေမယ့် ညဘက် ဗိုက်ဆာချိန်မှာ ပီစတာချီယိုစေ့လေးဖြစ်ဖြစ် အခြားအခြားသော အခွံမာသီးတွေ၊ အစေ့အဆန်လေး တွေကို လက်တစ်ဆုပ်စာလောက်ပဲ စားလိုက်တာမျိုး ဖြစ်မယ်ဆိုရင်တော့ ညဘက်ကိုလည်း ကောင်းကောင်း အိပ်ပျော်စေပြီး နံနက်ခင်းမှာလည်း လန်းဆန်းတက်ကြွစွာ နိုးထနိုင်စေမှာပါ။

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တယ်

နံနက်ပိုင်းမှာ ဘာမှမစားထားဘဲ သွေးတွင်းသကြားဓာတ်တွေ တက်နေပြီဆိုရင် ခန္ဓာကိုယ်က ဖြိုသုံးထားလို့ပါ။ ညစာကို လုံလုံလောက်လောက် မစားတဲ့အခါ အိပ်နေချိန်မှာ သွေးတွင်းသကြားဓာတ် မကျစေဖို့ ခန္ဓာကိုယ်က ဖြိုသုံးထားတာကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးချိုရှိတဲ့သူတွေမှာ နံနက်စောစော ဘာမှမစားရသေးဘဲ သကြားဓာတ်တွေ တက်နေပြီဆိုရင် ညဘက်စားတာကိုတစ်ချက်စစ်ဆေးကြည့်ပြီး လိုအပ်ရင် မအိပ်ခင် အဆာပြေစာ နည်းနည်းစားနိုင်ပါတယ်။

ကြွက်သားတက်စေနိုင်တယ်

ညဘက်နောက်ကျမှ အစားစားတယ်ဆိုပေမယ့် ပရိုတင်းပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးကို ရွေးချယ် စားသုံးမိမယ်။ ကိုယ်ကလည်း ကြွက်သားတက်စေမယ့် လေ့ကျင့်ခန်းတွေကို လုပ်ဖြစ်မယ်ဆိုရင် အိပ်နေချိန်မှာ ကြွက်သားတက်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဆိုးကျိုးတွေကတော့

ဗိုက်မဆာဘဲ စားမိနိုင်တယ်

တော်တော်များများ ညဘက်မှာ အစားစားကြတာက ဗိုက်ဆာလို့ ဆိုတာထက် ပျင်းလို့ စိတ်ဖိစီးလို့ စသဖြင့် အမျိုးမျိုးသော အကြောင်းအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ညဘက်အိပ်ခါနီး အငန်ကဲ တာလေး စားချင်တာက ရေဓာတ်ခန်းခြောက်နေတယ်ဆိုတာကို ဖော်ပြနေတာပါ။ အချိန်မတော် ဗိုက်ဆာတာရဲ့ အဓိက အကြောင်းရင်းခံက စိတ်ဖိစီးနေတာကြောင့်ပါ။ ဒါကြောင့် တကယ်ဗိုက်မဆာဘဲ စားမိတာမျိုး ဖြစ်နိုင်ပါတယ်။

ဝိတ်တက်စေနိုင်တယ်

လေ့လာမှုတစ်ခုအရသိရတာက ညနေပိုင်း နောက်ကျလာလေလေ ညဥ့်နက်လာလေလေ ခန္ဓာကိုယ်က အိပ်စက် အနားယူဖို့ ပြင်ဆင်ရတာကြောင့် ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်က တဖြည်းဖြည်း နှေးလာပါတယ်။ ဒီလို နှေးနေချိန်မှာအစာကြေဖို့ခက်တာတွေ၊ ဆီပါဝင်မှုများတာတွေကို စားသုံးတာက ကိုယ်တွင်းဖြစ်စဉ်တွေကို ဝန်ပိစေပြီး ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။

ကယ်လ်လိုရီ များတာတွေ စားမိနိုင်တယ်

တော်တော်များများက ညဘက်တွေမှာ ဗိုက်ဆာလာပြီဆိုရင် ခေါက်ဆွဲပြုတ်သောက်တာနဲ့ အလွယ်ရနိုင်မယ့် ဆီကြော်စာတွေနဲ့ အပြင်စာတွေကို စားတတ်ကြပါတယ်။ ဒီအစားအစာတွေက ကယ်လ်လိုရီ ပါဝင်မှုများပြီး ညဥ့်နက်မှာ ကယ်လ်လိုရီတွေ အများကြီး စားမိတာမျိုး ဖြစ်နိုင်ပါတယ်။ 

အိပ်ပျော်ဖို့ ခက်နိုင်ပါတယ်

အိပ်ခါနီး အစာစားလိုက်တဲ့အခါ ဗိုက်အင့်နေတာ၊ အစာခြေအက်စစ်တွေ ထွက်တာကြောင့် ရင်ပူပြီး အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။

ညဘက်မှာ အစားစားတာက စနစ်တကျ စားသုံးမယ်ဆိုရင် ကောင်းကျိုးများနိုင်ပေမယ့် အလွန်အကျွံ စားမယ်၊ ကျန်းမာရေးနဲ့ မညီတာတွေကို စားမယ်ဆိုရင်တော့ ထိခိုက်လာမယ့် အကျိုးဆက်တွေ ရှိနေပါတယ်။ 

ဖြစ်နိုင်ရင်တော့ ညအိပ်ခါနီးကို အစာမစားပါနဲ့။ တကယ်လို့ အိပ်ချိန်ရောက်တိုင်း ဗိုက်ဆာနေပြီဆိုရင် ညစာစားချိန်ကို နည်းနည်းနောက်ဆုတ်ကြည့်ပါ။ ဒါမှမဟုတ် ညစာကို လုံလုံလောက်လောက် စားပါ။

အမှာစကား

ညဘက် နောက်ကျမှာ အစားစားတာက လုံးဝ မကောင်းတာ မဟုတ်ဘဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် နည်းမှန် လမ်းမှန် စားမယ်ဆိုရင် ကောင်းကျိုးများနိုင်ပေမယ့် အများစုကတော့ ဆိုးကျိုးတွေပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။ မဆာဘဲ မစားပါနဲ့။ တကယ်ဆာလာပြီ ဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တာကိုပဲ စားပေးပါ။ 

ကိုးကား- https://hellosayarwon.com/health/general-health-knowledge/pros-and-cons-of-late-night-eating/ 

၂၀၂၄ အကယ်ဒမီဇာတ်ကားများပြန်လည်ပြသမယ့် “မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်”

Posted_Date

Image

၂၀၂၄ အကယ်ဒမီဇာတ်ကားများပြန်လည်ပြသမယ့် “မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်”

Body

သတင်းသမားတစ်ဦးဖြစ်တာနဲ့အညီ၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရရှိသူများနဲ့ အဘက်ဘက်မှကူညီပံ့ပိုးသူများအား  ဂုဏ်ပြုညစာစားပွဲသို့ ညီနောင်မီဒီယာများနဲ့အတူ ညစာစားပွဲကျင်းပရာ    မြဝတီမီဒီယာစင်တာသို့ရောက်ရှိခဲ့ပါတယ်။ ဒီနေရာကို ဒုတိယအကြိမ်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး     ပထမတစ်ကြိမ်ကတော့   ရုပ်ရှင်ဇာတ်ကား Red Carpet Show ပြသတဲ့ပွဲပါ။   မြဝတီမီဒီယာစင်တာရဲ့ ခမ်းနားမှုကိုတော့ အဲ့ဒီကတည်းက သိခဲ့ရတာပါ။ ရုပ်ရှင်ရုံရဲ့လေအေးပေးစက်စနစ်ကောင်းမွန်တာရော ရုပ်ရှင်ပိတ်ကား၊ ရုပ်ရှင်ပြစက်နဲ့ အသံစနစ်တွေ ခေတ်မီတာရောတွေ့ခဲ့ရပါတယ်။

ဒီနေ့ည ညစာစားပွဲကတော့ မြဝတီမီဒီယာစင်တာရဲ့ ဆဋ္ဌမအလွှာ ခုနစ်ထပ်က Ballroom ခန်းမမှာကျင်းပတဲ့ အကယ်ဒမီဂုဏ်ပြုညစာစားပွဲပါ။ အချိန် စောနေတာနဲ့     မီဒီယာအဖွဲ့ကိုပေးတဲ့ ထမင်းဘူးလေးကိုယူရင်း ခန်းမနဲ့တွဲလျက် လေသာဆောင်ဝရန်တာကို     ထွက်လို့ ရန်ကုန်မြို့ရှုခင်းကို  ကြည့်မိပါတယ်။ လေသာဆောင်ကလည်း    ကျယ်ဝန်းလှသမို့ လူ ၃၀၀-၄၀၀ လောက်ဆံ့နိုင်ပြီး  ရန်ကုန်မြို့ရှုခင်းကို အပေါ်စီးကကြည့်ရှုခံစားရင်း ညနေခင်းဆည်းဆာ ပွဲ တစ်ခုအဖြစ် စိတ်ကူးယဉ်နေမိပါတယ်။

အတွေးစိတ်ကူး   မဆုံးခင်မှာဘဲ အကယ်ဒမီညစာစားပွဲမှာ စိန်နန်းတော်က စီစဉ်ထားတဲ့ Media Corner ကို ပြန်လှည့်ရပါတယ်။ ကိုယ့် Entertainment Media logo ပါတဲ့ MIC လေးနေသားတကျချထားပြီး အနုပညာရှင်ဖန်တီးရှင်များရဲ့ အကယ်ဒမီမုဒိတာစကားတွေကို တစ်ဦးပြီးတစ်ဦး ရယူရပါတော့တယ်။ ၂၀၂၄ အကယ်ဒမီဆု၁၆ ဆုပေမယ့်   ပေါင်းလိုက်တော့ ဇာတ် ကားကခြောက်ကားပါပဲ။ ကိုယ့်တိုက်ပိုင်က  အကယ်ဒမီအချက်အလက်တွေသေသေချာချာဖတ်မှတ်ရယူဖို့ မှာကြားတော့ ကျွန်တော့်  Hand Phone ထဲမှာ အသင့်ရှိပါကြောင်း၊ ဖတ်မှတ်ပြီးပါကြောင်း Viber ပေါ်ကနေ Report ပြန်လုပ်ရပါတယ်။

Media Corner မှာ အင်တာဗျူးသတင်းတွေရယူရသလိုပဲ   အကယ်ဒမီဂုဏ်ပြုညစာစားပွဲရဲ့ အစီအစဉ်ကိုလည်း အာရုံပြုရပြန်ပါတယ်။ ညစာစားပွဲကျင်းပတဲ့ Ballroom ရဲ့ ကျယ်ဝန်းတဲ့အနေအထား၊ မီးပန်းဆိုင်းတွေရဲ့အလှက ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တွေရဲ့ Ballroom မျိုးပါပဲခမ်းနားလှပါတယ်။ Stage စင်မြင့်ပေါ်မှာ ကြီးမားတဲ့ LED ကြီးနဲ့အတူ အကယ်ဒမီရွှေစင်ရုပ်တုနှစ်ခုကလည်း    ဘယ်ညာဟန်ချက်ညီခံ့ထည်နေပါတယ်။  တဖွဲဖွဲရောက်ရှိလာကြတဲ့ တက်ရောက်ချီးမြှင့်ကြသူတွေကို မှတ်တမ်းတင်ရင်း ခင်းကျင်းထားတဲ့ စင်မြင့်ပေါ်က စားပွဲပေါ်မှာ အကယ်ဒမီရွှေစင်ရုပ်တုကိုးဆုရှိနေတာ ရေတွက်မိပါတယ်။ ၁၆ ဆုဆိုတော့ အကယ်ဒမီဆုရသူ ခုနစ်ယောက်ရောက်ဖို့ကျန်သေးတယ်လို့ တွက်ဆမိပြီး ၂၀၂၄ အကယ်ဒမီဆုချီးမြှင့်ပွဲအကြောင်းဖတ်မှတ်သွားဖို့ မှာကြားချက်ကို    ကျေးဇူးတင်မိနေပါတယ်။

စင်မြင့်ရဲ့ LED Board ပေါ်မှာ  စိန်နန်းတော် ရတနာဆိုင်ရဲ့ ကြော်ငြာကိုလည်း မြိုင်မြိုင် ဆိုင်ဆိုင်တွေ့ရပါတယ်။ အဲ့ဒီကြော်ငြာပြီးတော့  မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ (၇၉)နှစ်မြောက်   နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၄ အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားတွေကို    ပြန်လည် ပြသမယ့် မြန်မာ့ရုပ်ရှင် ရက်သတ္တပတ် ကြော်ငြာကလည်း ရှေ့ဆင့်နောက်ဆင့်ပေါ် လာပါတယ်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့(၇၉) နှစ်မြောက်နေ့ဆိုတော့လည်း မနှစ်က ရန်ကုန် ဝင်္ဂပါလမ်းက    အစည်းအရုံးပရိဝုဏ်ထဲမှာကျင်းပခဲ့တဲ့ မတ်လ ၈ ရက်နေ့က    (၇၈)နှစ်မြောက်နေ့ကိုလည်း ပြန်သတိရမိတယ်။ ပြန်ကြားရေး ဒုတိယဝန်ကြီးတက်ရောက်တာကို  သတင်းရယူခဲ့တာရယ် နိဗ္ဗာန်စျေးလိုစျေးတန်းတွေက မုန့်တွေစားခဲ့ရတာရယ် အမှတ်ရမိတယ်။ တစ်နှစ်ဆိုတာမကြာလိုက်ပါလား။

ရုပ်ရှင်ကိုချစ်   ရုပ်ရှင်ကြည့်ရတာကြိုက်လို့လည်း Entertainment Media သတင်းသမားဖြစ်ခဲ့ရတာပါ။   အကယ်ဒမီဆုရဇာတ်ကားတွေ တစုတစည်းတည်းကြည့်ရမှာဆိုတော့  သိပ်ကောင်းတဲ့အစီအစဉ်လို့လည်းခံစားမိလိုက်ပါတယ်။  လက်ရှိရုပ်ရှင်လောကအခြေအနေကိုသိနေတော့ ရုပ်ရှင်ရုံအခက်အခဲရှိတာလည်းသိနေပါတယ်။ ရုံတင်ဖို့တန်းစီနေရတဲ့ ဇာတ်ကားတွေကလည်း   ရာဂဏန်းရှိနေတယ်လို့ ကြားသိရပါတယ်။ ရုံအခက်အခဲရှိနေတဲ့ကြားက ၂၀၂၄ အကယ်ဒမီဆုရဇာတ်ကားတွေကိုပြသမယ့်  အစီအစဉ်ကောင်းတွေကို ဘယ်လိုပြမှာလဲ၊   ဘယ်ရုံမှာပြမှာလဲဆိုတာသိချင်လာပါတယ်။

သွားပါများ    ခရီးရောက် မေးပါများစကားရဆိုသလို ရုပ်ရှင်အစည်းအရုံးက နှံ့စပ်သူဆီ စနည်းနာရတာပေါ့။ ၂၀၂၄အကယ်ဒမီ ၁၆ ဆုချီးမြှင့်ခဲ့ပြီး    ရုပ်ရှင်ဇာတ်ကားခြောက်ကားကရရှိခဲ့တာဖြစ်လို့ရုပ်ရှင်ဆင်ဆာခွင့်ပြုချက်ရရှိခဲ့တဲ့ ရက်စွဲအလိုက် ဘိုးတော်ကင်း၊ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ မီး၊ နှောင်၊ အိပ်မက်ကာရန်နဲ့ တိမ်ပန်းချီဇာတ်ကားတွေကို တစ်ကားကို သုံးရက်နှုန်းနဲ့ မတ်လ ၉ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ထိ ရက်သတ္တပတ် သုံးပတ်ကြာ မြန်မာ့ရုပ်ရှင်ရက်သတ္တပတ် အဖြစ်ပြသသွားမှာဖြစ်ပါတယ်။ ပြသမယ့်ရုံက Star Cinema ဖြစ်တဲ့ မြဝတီမီဒီယာ စင်တာရဲ့ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ပြသမှာဖြစ်ကြောင်းလည်းသိရပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်အတွက် အထူးအစီအစဉ်အနေနဲ့ အစည်းအရုံးရဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်စွာ အကယ်ဒမီရဇာတ်ကားတွေ သီးသန့်ပြသတဲ့ မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်အဖြစ်   စီစဉ်လိုက်ရတာလို့လည်းသိလိုက်ရတော့ စဉ်းစားစီစဉ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က ဒီခြောက်ကားမှာ နှောင်နဲ့တိမ်ပန်းချီဇာတ်ကားရဲ့ ပရီမီယာရှိုးတွေ သွားရောက်သတင်းယူခဲ့တာမို့ အကယ်ဒမီ ဘယ်လိုတွေရတယ်လို့ သိရှိပြီးပေမယ့်ကျန်လေးကားကို    မကြည့်လိုက်ရလို့တောင့်တနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ဇာတ်ကားတွေပြမယ့် ရက်တွေကိုဆက်ပြီး စပ်စုမိပြန်ပါတယ်။ တစ်ရက်ကို  မွန်းလွဲ ၁ နာရီပွဲနဲ့ ၄ နာရီတို့မှာ နှစ်ပွဲပြမှာဖြစ်ပြီး ၉-၃-၂၀၂၅ ရက်နေ့မှ ၁၁-၃-၂၀၂၅ ရက်နေ့ထိ ဘိုးတော်ကင်း၊ ၁၃-၃-၂၀၂၅ ရက်နေ့မှ ၁၅-၃-၂၀၂၅ ရက်နေ့ထိချစ်သူသာ   ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊၁၆-၃-၂၀၂၅ ရက်နေ့မှ  ၁၈-၃-၂၀၂၅ ရက်နေ့ထိ မီး၊ ၂၀-၃-၂၀၂၅ ရက်နေ့မှ ၂၂-၃-၂၀၂၅ ရက်နေ့ထိ နှောင်၊ ၂၃-၃-၂၀၂၅ ရက်နေ့မှ ၂၅-၃-၂၀၂၅ ရက်နေ့ထိ အိပ်မက်ကာရန်၊ ၂၇-၃-၂၀၂၅ ရက်နေ့မှ ၂၉-၃-၂၀၂၅ရက်နေ့ထိ တိမ်ပန်းချီတို့ပြမှာဖြစ်ပါတယ်။ ကျွန်တော်မကြည့်ရသေးတဲ့ ဇာတ်ကားတွေကို Entertainment News တွေအဖြစ်သတင်းရယူရင်း   ကြည့်ရမယ့် ဇာတ်ကားတွေ ရက်စွဲတွေ ပွဲချိန်တွေကို မှတ်သားမိနေပါတယ်။ ကြည့်ရမယ့်နေရာကလည်း တစ်ကြိမ်ကြည့်ခဲ့ဖူးပြီး အစစခေတ်မီပြည့်စုံလှတဲ့ ရန်ကင်း၊ ဘောက်ထော်၊  မိုးကောင်းလမ်းမပေါ်က မြဝတီမီဒီယာစင်တာရဲ့ အဆင့်မြင့်ရုပ်ရှင်ရုံမှာဆိုတော့ အကယ်ဒမီဆုရဇာတ်ကားကောင်းတွေက  သွားရောက်ကြည့်ရှုဖြစ်မယ့် ကျွန်တော်အပါအဝင် ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက်  ရသတွေအပြည့်အဝပေးတော့မယ်ဆိုတာ  မြေကြီးလက်ခတ်မလွဲပါလို့   သတင်းကောင်းပါးလိုက်ပါရစေတော့။   ဇာတ်ကားကောင်းတွေကိုသွားရောက်ကြည့်ရှုရင်း   မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ (၇၉)နှစ်မြောက်နှစ်ပတ်လည်နေ့ကိုဂုဏ်ပြုကြိုဆိုရင်းမြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ကိုစောင့်မျှော်နေရင်း........ ။     ။

Source: https://myawady.net.mm/stories

 

အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း ဂူတာရက်စ်ဆို

News Image

အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း ဂူတာရက်စ်ဆို

ကုလသမဂ္ဂ၊ မတ် ၁ ရက် 

အမေရိကန်က ပြည်ပသို့ အကူအညီပေးမှုအား များစွာလျှော့ချခြင်းသည် ကမ္ဘာ့အထိခိုက်လွယ်ဆုံးအုပ်စုအပေါ် ဆိုးရွားသည့် နောက်ဆက်တွဲ ဆိုးကျိုးဖြစ်စေပြီး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားနှင့် ဆန့်ကျင်နေကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဆုံးဖြတ်ချက်အား ပယ်ဖျက်ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်တရားသူကြီး ICJ ဥက္ကဋ္ဌဖြစ်လာ

News Image

ဂျပန်တရားသူကြီး ICJ ဥက္ကဋ္ဌဖြစ်လာ

ဂျပန်တရားသူကြီး ယူဂျီ အီဝါဆာဝါ (Yuji Iwasawa) ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်ကြောင်း ICJ တရားရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

ယခင် ICJ ဥက္ကဋ္ဌဖြစ်သူ Nawaf Salam က လက်ဘနွန်နိုင်ငံ၏ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ရန် ဇန်နဝါရီ ၁၄ ရက်၌ အဆိုပါရာထူးမှ နုတ်ထွက်သွားသည့်နေရာတွင် ယူဂျီ အီဝါဆာဝါကို ရွေးချယ်လိုက်ခြင်းဖြစ်ပါသည်။