မြန်မာ့ပေါ်ဆန်းမွှေး ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအလားအလာ

Posted_Date

Image

မြန်မာ့ပေါ်ဆန်းမွှေး ပြည်တွင်းထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုအလားအလာ

Body

မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများအနက် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် ဆန်စပါးသည် နိုင်ငံ၏အခြေခံကျသော အစားအစာဖြစ်သည့်အပြင် မဟာဗျူဟာမြောက်သည့် စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ရေ၊ မြေ၊ ရာသီဥတု၊ ဒေသနှင့်ကိုက်ညီပြီး အရည်အသွေးကောင်းမွန်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက်ဝင်သော စပါးမျိုး စုစုပေါင်း ၂၀၀ ကျော် စိုက်ပျိုးလျက်ရှိပါသည်။ ဆန်စပါးသည် တစ်နိုင်ငံလုံးရှိ သီးနှံစိုက်ပျိုးဧရိယာ၏ ၃၄ ရာခိုင်နှုန်းခန့်ရှိပြီး မိုးစပါးနှင့် နွေစပါးစုစုပေါင်း စိုက်ဧက ၁၇ သန်း ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ နှစ်စဉ်ထွက်ရှိသည့် ဆန်စပါး၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်း စားသုံးမှုနှင့်စားသောက်ကုန်အမျိုးမျိုးထုတ်လုပ်မှုတွင် အသုံးပြု၍ ကျန် ၂၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

စိုက်ပျိုးထွက်ရှိသော ဆန်စပါးများ

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ဆန်စပါးများကို ဆန်လုံးအရှည်၊ ဆန်သားအရောင်နှင့် အရွယ်အစားတို့အပေါ်မူတည်ပြီး ဧည့်မထ၊ လက်ရွေးစင်၊ ငစိန်၊ ဗြတ်နှင့် မြီးတုံးအုပ်စုဟူ၍ အုပ်စုငါးမျိုး ခွဲခြားထားပါသည်။ လေ့လာထားသော သုတေသနတွေ့ရှိချက်များအရ ပြည်တွင်းစားသုံးမှုအများဆုံးနှင့် အကြိုက်နှစ်သက်ဆုံး ဆန်အမျိုးအစားများမှာ မြီးတုံးအုပ်စုဝင် ပေါ်ဆန်းမွှေး၊ ဧည့်မထအုပ်စုဝင် ဧရာမင်းနှင့် လက်ရွေးစင် အုပ်စုဝင် မနောသုခဆန်အမျိုးအစားတို့ ဖြစ်ပါသည်။

ဆန်လုံးရှည်၍ သေးသွယ်ပြီး ဆန်သားကြည်လင်သော ဧည့်မထအုပ်စုဝင် ဆန်အမျိုးအစားများကို ပြည်ပသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပါသည်။ ထို့ပြင် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ဆန်ဈေးကွက် လေ့လာတွေ့ရှိချက်များအရ အရှေ့အလယ်ပိုင်းဈေးကွက်သည် မြီးတုံးအုပ်စုဝင် ပေါ်ဆန်းမွှေး၊ လုံးသွယ်မွှေးနှင့် ဇီယာဆန်အမျိုးအစားတို့ကို နှစ်သက်ပြီး လက်ရွေးစင်အုပ်စုဝင်ဆင်းသုခကို ဥရောပနိုင်ငံများနှင့် အာရှနိုင်ငံများက ကြိုက်နှစ်သက်ကြကြောင်း တွေ့ရှိရပါသည်။

မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် မွှေးကြိုင်သောရနံ့၊ နူးညံ့သောအရသာနှင့် ဆန်သားအရည်အသွေး ကောင်းမွန်မှုတို့ကြောင့် ပြည်တွင်းဈေးကွက်တွင် လူကြိုက်များ၍ ဝယ်လိုအားမြင့်မားပြီး ရေပန်းစားသော ဆန်အမျိုးအစားဖြစ်သည်။ ထို့ပြင် မြန်မာ့ပေါ်ဆန်းမွှေးသည် နိုင်ငံတကာတွင် အသိအမှတ်ပြုခံရသော မြန်မာ့မျိုးရင်းစပါးတစ်ခုဖြစ်ပြီး ပေါ်ဆန်းမွှေးဆန်၏ ပင်ကိုအရည်အသွေး ကောင်းမွန်မှုသည် အားသာချက်တစ်ခုဖြစ်ပါသည်။ မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် နိုင်ငံတကာဆန်ဈေးကွက်တွင် ဈေးကောင်းရသည့် အရည်အသွေးမြင့်ဆန်များဖြစ်သော ထိုင်းနိုင်ငံမှ စံပယ်နံ့မွှေးသောဆန်၊ အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့မှ ဘာစမာတီဆန်၊ ဗီယက်နမ်နိုင်ငံမှ ST24 ဆန်များနှင့် အရည်အသွေး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဈေးကောင်းရသည့် တန်ဖိုးမြင့် ဆန်အမျိုးအစားဖြစ်ပါသည်။

ရွှေဘိုဒေသသို့ ယူဆောင်စမ်းသပ်စိုက်ပျိုး

၁၉၂၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌ မူရင်းပေါ်ဆန်းမွှေးစပါးကို စတင် သတိပြုမိခဲ့ကြပြီး ယခုအခါ နှစ်ပေါင်း ၁၀၀ ကျော် တိုင်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပေါ်ဆန်းမွှေးစပါးမျိုးများကို ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြပါသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်မှ ပေါ်ဆန်းဘေးကျား စပါးမျိုးအနည်းငယ်ကို စစ်ကိုင်း တိုင်းဒေသကြီးရွှေဘိုဒေသသို့ ယူဆောင်စမ်းသပ်စိုက်ပျိုးရာမှ ထွက်ပေါ်လာခဲ့သည့် ရွှေဘိုပေါ်ဆန်းမွှေးစပါးမျိုးကို မြန်မာနိုင်ငံတွင် ယခုအခါ တွင်ကျယ်စွာ စိုက်ပျိုးလာခဲ့ကြပါသည်။

လေ့လာထားသော သုတေသနတွေ့ရှိချက်များအရ စိုက်ပျိုးသည့် ဒေသ၊ ရာသီဥတု၊ မြေဆီလွှာနှင့် စိုက်ပျိုးနည်းစနစ်များပေါ်မူတည်၍ ပေါ်ဆန်းမွှေးစပါး၏ အထွက်နှုန်းနှင့် အရည်အသွေးသည် ကွဲပြားခြားနားမှုရှိသကဲ့သို့ ပြည်တွင်းဆန်ဈေးကွက်တွင်လည်း ထွက်ရှိရာဒေသပေါ်မူတည်၍ ဧရာဝတီပေါ်ဆန်း၊ ဖျာပုံပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်း၊ ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကျားစသည်ဖြင့် နာမည်ကွဲများစွာလည်း ခေါ်ဝေါ်ကြပါသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ကြိုက်နှစ်သက်မှုများသော ပေါ်ဆန်းမွှေးဆန်အမျိုးအစားများအနက် ၂၀၁၁ ခုနှစ် အပြည်ပြည်ဆိုင်ရာဆန်စပါးညီလာခံက ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် ရွေးချယ်သတ်မှတ်ခြင်းခံရသည့် ရွှေဘိုပေါ်ဆန်းမွှေးဆန်သည် ကောင်းမွန်သောအရည်အသွေးများကို ပိုင်ဆိုင်ထားသည့် တန်ဖိုးမြင့် မြန်မာ့ပုလဲဆန်အဖြစ် ထင်ရှားလှပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ့ဆန်သည် နိုင်ငံတကာဈေးကွက် အခိုင်အမာရရှိပြီးဖြစ်သည့်အပြင် ယခုထက် ပိုမိုတင်ပို့ရောင်းချနိုင်ရေး အရည်အသွေးကောင်းမွန်၍ ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လမ်းညွှန်မှာကြားထားပါသည်။

ပေါ်ဆန်းမွှေးဆန်သည် မြန်မာနိုင်ငံအတွင်း ပြည်တွင်းကြိုက်နှစ်သက်မှု၊ စားသုံးမှုနှင့် ဝယ်လိုအား များသည့်အတွက် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်စေရန် ချမှတ်ထားသောမူဝါဒများသည် ပြည်ပတင်ပို့နိုင်စွမ်းအပေါ် သက်ရောက်မှုများရှိနိုင်ပါသည်။ ထို့ကြောင့် ပေါ်ဆန်းမွှေးဆန်များ ပြည်တွင်းစားသုံးမှုဖူလုံရေး လိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုတိုးမြှင့်နိုင်ရေး ရည်မှန်းချက်တို့ကို ချိန်ခွင်လျှာညှိရန်မှာ အရေးကြီးသော မူဝါဒဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။

သုတေသန လေ့လာတွေ့ရှိချက်များအရ မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ဈေးနှုန်းသည် ရာသီဥတု၊ ထုတ်လုပ်မှုနှင့် ဈေးကွက်ဝယ်လိုအားပေါ်တွင် မူတည်၍ပြောင်းလဲမှုများရှိရာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များတွင် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရရှိစေရန် ထုတ်လုပ်မှုစရိတ်လျှော့ချနိုင်ပြီး ထုတ်လုပ်မှု စွမ်းအားမြှင့်တင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

အထွက်နှုန်းနှင့် အရည်အသွေးတို့ကို မြှင့်တင်

မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ အရည်အသွေးကို တစ်သမတ်တည်းထိန်းသိမ်းထားနိုင်ရန်နှင့် အရည်အသွေးမြှင့်တင်ရန် ဆီလျော်ကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာအသုံးပြုမှု နည်းစနစ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့ကိုအသုံးပြုခြင်း၊ သင့်လျော်သော သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် ဓာတုဆေးများအသုံးပြုခြင်းနှင့် ရေသွင်းရေထုတ်စနစ်များ အသုံးပြုခြင်းတို့သည် ပေါ်ဆန်းမွှေး၏ အထွက်နှုန်းနှင့် အရည်အသွေးတို့ကို မြှင့်တင်ပေးနိုင်ပါသည်။

ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီ၍ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်သော ပေါ်ဆန်းမွှေးစပါးမျိုးများကို စိုက်ပျိုးရေးဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကဌာနများ၊ အဖွဲ့အစည်းများက စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတော်ကလည်း စိုက်ပျိုးရေးပစ္စည်းများ (ဓာတ်မြေသြဇာ၊ မျိုးစေ့များ) ထောက်ပံ့ပေးခြင်းနှင့် တောင်သူများအတွက် စိုက်ပျိုးထုတ်လုပ်မှုစရိတ် ငွေကြေးအထောက်အပံ့ရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(စိုက်ပျိုးစီးပွားပညာဌာန)မှ လေ့လာထားသော သုတေသနများအရ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်နှင့် ဖျာပုံမြို့နယ်တို့မှထွက်ရှိသော ဧရာဝတီပေါ်ဆန်းနှင့် ဖျာပုံပေါ်ဆန်းစပါးမျိုးတို့သည် ၂၀၀၈ ခုနှစ်တွင် တစ်ဧက ပျမ်းမျှအထွက်နှုန်းတင်း ၄၀ ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်မှထွက်ရှိသော ရွှေဘိုပေါ်ဆန်းစပါးသည် ၂၀၁၃ ခုနှစ်တွင် တစ်ဧကလျှင် ပျမ်းမျှ ၆၂ တင်းခန့်နှင့် ခင်ဦးမြို့နယ်မှထွက်ရှိသော ရွှေဘိုပေါ်ဆန်းစပါးသည် ၂၀၁၈ ခုနှစ်တွင် တစ်ဧကပျမ်းမျှ ၇၅ တင်းခန့် ထွက်ရှိခဲ့သည်ကို သိရှိရပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၌ စုစုပေါင်း စပါးစိုက်ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ရွှေဘိုပေါ်ဆန်းစပါးများ စိုက်ပျိုးခဲ့ရာ တစ်ဧကပျမ်းမျှအထွက်နှုန်း ၈၁ တင်းခန့်ထိ ထွက်ရှိခဲ့သည်ကို တွေ့ရှိရပါသည်။ နိုင်ငံတော်က အထောက်အပံ့ပေးမှုများနှင့် တောင်သူများ၏ ကြိုးပမ်းမှုရလဒ်များအဖြစ် မြန်မာ့ပေါ်ဆန်းမွှေးစပါးမျိုးများ၏ အထွက်နှုန်းများ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသာစွာတိုးတက်လာနေသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။

ပြည်တွင်းထုတ်လုပ်မှု တိုးတက်လာပြီး ပြည်ပတင်ပို့ရောင်းချရာတွင်လည်း နိုင်ငံတကာဈေးကွက် ပိုမိုရရှိစေရန် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ကြိတ်ခွဲမှု၊ ထုပ်ပိုးမှု၊ ဖြန့်ဖြူးမှုစနစ်များသည် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ လေ့လာထားသော သုတေသနများအရ မြန်မာ့ပေါ်ဆန်းမွှေးဆန်များ ပြည်ပတင်ပို့ရန်အတွက် ဆန်စပါးတန်ဖိုး ကွင်းဆက်တစ်လျှောက် ပါဝင်သူများသည် နိုင်ငံတကာအဆင့်မီ အဆင့်မြင့်ဆန်စက်များ၊ နည်းပညာများဖြင့် ကြိတ်ခွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်းနှင့် ခေတ်မီထုပ်ပိုးနည်းစနစ်များ ပြောင်းလဲလုပ်ကိုင်လာကြသည်ကို တွေ့ရှိရပါသည်။

ထို့ပြင် အရည်အသွေးအသိအမှတ်ပြုလက်မှတ်နှင့် အမှတ်တံဆိပ်များ ပိုမိုအားကောင်းစေရန်အတွက် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအနက် ရွှေဘိုပေါ်ဆန်းအပါအဝင် မြန်မာ့ပေါ်ဆန်းမွှေးဆန်များကို ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း (Geographical Indication - GI) ရရှိရေးအတွက် ဌာနဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ GI များရရှိပါက စိုက်ပျိုးထုတ်လုပ်သူတောင်သူများမှသည် ပြည်ပတင်ပို့ရောင်းချသူများအထိ တန်ဖိုးကွင်းဆက်တစ်လျှောက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည့်အပြင် ပြည်ပဈေးကွက်များသို့ တင်ပို့မှုမြှင့်တင်နိုင်ရန်အတွက် အခြေခံကောင်းများ ရရှိလာမည်ဖြစ်ပါသည်။ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းမပြုမီ ကြိတ်ခွဲရရှိလာသော ပေါ်ဆန်းဆန်များကို ခေတ်မီသိုလှောင်ရုံများအသုံးပြု၍ သိုလှောင်ခြင်း၊ တင်ပို့ရောင်းချရာ လမ်းကြောင်းများတစ်လျှောက် ပို့ဆောင်ရေးကွန်ရက်များတွင် အရေးပါသည့်လမ်းများ၊ တံတားများ၊ ဆိပ်ကမ်းများနှင့် ပို့ဆောင်ရေးဝန်ဆောင်မှုများစသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစိုးရ၊ ပုဂ္ဂလိကကဏ္ဍများမှ ရင်းနှီးမြှုပ်နှံဆောင်ရွက်လျက်ရှိပါသည်။

မြန်မာ့ပေါ်ဆန်းမွှေးဆန် ဝယ်ယူသည့်နိုင်ငံများ

အာရှဈေးကွက်တွင် တရုတ်၊ စင်ကာပူ၊ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် ဥရောပဈေးကွက်တွင် အီတလီ၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့သည် မြန်မာ့ပေါ်ဆန်းမွှေးဆန်ကို အဓိကဝယ်ယူသောနိုင်ငံများဖြစ်ပါသည်။ အမေရိကန်နိုင်ငံနှင့် အာဖရိကဈေးကွက်ဖြစ်သော တောင်အာဖရိကနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့သည်လည်း မြန်မာ့ပေါ်ဆန်းမွှေးဆန် ဝယ်ယူသည့်နိုင်ငံများ ဖြစ်လာပါသည်။

ပေါ်ဆန်းမွှေးဆန်၏ ပြည်ပဈေးကွက်ကို ချဲ့ထွင်ရန်အတွက် အာရှ၊ ဥရောပ၊ အမေရိကနှင့် အာဖရိကဈေးကွက်များကို ပိုမိုအာရုံစိုက်ရန် လိုအပ်ပါသည်။ ပေါ်ဆန်းမွှေးဆန် စိုက်ပျိုးထုတ်လုပ်သူများနှင့် ပြည်ပတင်ပို့သူများအကြား ချိတ်ဆက်မှုများလွယ်ကူချောမွေ့ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ဈေးကွက်ဆိုင်ရာနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ အခြေအနေများကို ဆန်းစစ်လေ့လာသော သုတေသနများ စဉ်ဆက်မပြတ် လုပ်ဆောင်နေရန်လည်း အရေးကြီးလှပါသည်။

ထို့ပြင် တင်ပို့ရောင်းချလိုသည့် နိုင်ငံများ၏ သွင်းကုန်မူဝါဒများ၊ အခွန်များ၊ ခွဲတမ်းများနှင့် အခြားကုန်သွယ်ရေး အတားအဆီးများသည် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပတင်ပို့နိုင်စွမ်းအပေါ် များစွာလွှမ်းမိုးနိုင်ပါသည်။ ထို့ကြောင့် မြန်မာ့ပေါ်ဆန်းမွှေးဆန်အတွက် ပြည်ပဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် မြန်မာ့ပို့ကုန်မဟာဗျူဟာ၊ ပြည်ပတင်ပို့ခွင့်လိုင်စင်နှင့် လုပ်ထုံးလုပ်နည်းများဆိုင်ရာမူဝါဒများ အရေးကြီးသကဲ့သို့ ကုန်သွယ်ဖက်နိုင်ငံများနှင့် အားသာသောကုန်သွယ်ရေး သဘောတူညီချက်များ ညှိနှိုင်းရရှိရန် တာဝန်ရှိသူများ၏ ကြိုးပမ်းမှုများသည်လည်း အရေးပါလှပါသည်။

မြန်မာ့ပေါ်ဆန်းမွှေးဆန်သည် ပြည်တွင်း၊ ပြည်ပဈေးကွက်များတွင် ကြိုက်နှစ်သက်မှုများသည့်အပြင် မူလပင်ကို အရည်အသွေးအားသာချက်ရှိကြောင်း သုတေသနများစွာက ဖော်ပြထားပြီးဖြစ်ရာ ထိုအားသာချက်ကိုအခြေပြု၍ ဈေးကွက်အလားအလာအမြင့်ဆုံးရရှိစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်တွင်းစားသုံးမှုဖူလုံမှုရှိရေးနှင့် ပြည်ပဈေးကွက်တိုးမြှင့်ရရှိနိုင်ရေးတို့အတွက် ထုတ်လုပ်မှု၊ အရည်အသွေး၊ ကုန်သွယ်ရေးနှင့် အခြေခံအဆောက်အအုံတို့ကို ကိုင်တွယ်ဖြေရှင်းသော ဘက်စုံချဉ်းကပ်မှုများ ပြုလုပ်ဆောင်ရွက်ရ မည်ဖြစ်ပါသည်။

စိုက်ပျိုးထုတ်လုပ်မှု မြင့်မားလာခြင်း၊ အရည်အသွေးထိန်းချုပ်နိုင်ခြင်း၊ ဈေးကွက်အလားအလာများရှိခြင်းနှင့် အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာခြင်းသည် မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ပြည်ပတင်ပို့နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အရေးကြီးပါသည်။ ထို့ပြင် အစိုးရ၏ ထိရောက်သော မူဝါဒများဖြင့်လည်း မြန်မာ့ပေါ်ဆန်းမွှေးဆန် ပြည်ပတင်ပို့မှုအတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးရမည် ဖြစ်ပါသည်။ သို့မှသာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော မြန်မာ့ပေါ်ဆန်းမွှေးဆန်၏ ရှေ့အလားအလာများ ယခုထက်ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ။

Source: MOI

နို့စားနွားများတွင် ဖြစ်ပွားသော အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ

Posted_Date

Image

နို့စားနွားများတွင် ဖြစ်ပွားသော အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ

Body

ကြက်ငှက်တုပ်ကွေးရောဂါ (Highly Pathogenic Avian Influenza - HPAI)၊ အထူးသဖြင့် H5N1 ဗိုင်းရပ်စ်ပိုးသည် လက်ရှိအချိန်တွင် ကမ္ဘာ့နေရာအနှံ့၌ စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော်  ၎င်းသည် ကြက်ငှက်များမှအစပြု၍ အိမ်မွေးတိရစ္ဆာန်များနှင့် တောရိုင်းတိရစ္ဆာန်များကို မကြာခဏဆိုသလို ထိခိုက်စေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နို့စားနွားများအကြား လက်ရှိဖြစ်ပွားနေမှုသည် အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်မှုများကို မြင့်တက်စေပါသည်။ HPAI ဗိုင်းရပ်စ်သည် အဓိကအားဖြင့် အိမ်မွေးနှင့် တောရိုင်းကြက်ငှက်များကို ထိခိုက်စေသော်လည်း ကုန်းနေနှင့် ရေနေနို့တိုက်သတ္တဝါများတွင် တွေ့ရှိရမှုတိုးပွားလာနေကြောင်း မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့(WOAH) သို့ အစီရင်ခံထားပါသည်။ HPAI (Highly Pathogenic Avian Influenza) ဗိုင်းရပ်စ်၏ အလျားလိုက်ကူးစက်မှု (Horizontal Transmission) ဆိုသည်မှာ ရောဂါပိုးရှိသောအိမ်မွေးတိရစ္ဆာန် (သို့) တောရိုင်းတိရစ္ဆာန်တစ်ကောင်မှ အခြားတိရစ္ဆာန်သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူးစက်ခြင်းကိုဆိုလိုပါသည်။ ဥပမာအားဖြင့် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ် Avian Influenza H5N1 သည် နွားများ၊ ကြောင်များနှင့် အခြားကြက်ငှက်များအကြား အလျားလိုက်ကူးစက်နိုင် ကြောင်းလေ့လာတွေ့ရှိထားပါသည်။

နွားများမှ အခြားနွားများသို့

ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နှာရည်၊ တံတွေး၊ မစင်နှင့် နို့တို့မှတစ်ဆင့် တိရစ္ဆာန်အချင်းချင်းထိတွေ့မှုဖြင့် ကူးစက်နိုင်သည်။

နွားများမှ ကြောင်များသို့

အမေရိကန်ပြည်ထောင်စုတွင် H5N1 ဗိုင်းရပ်စ် ကူးစက်ခံထားရသော နွားနို့ကို သောက်သုံးမိသည့် ကြောင်များတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရပြီး ၎င်းတို့မှတစ်ဆင့် အခြားကြောင်များသို့လည်း ကူးစက်နိုင်ကြောင်း အတည်ပြုထားသည်။

ကြောင်များမှ ကြက်ငှက်များသို့

ကြောင်များသည် ငှက်များကို ဖမ်းစားတတ်သောကြောင့် ငှက်များရှိ ဗိုင်းရပ်စ်များမှ ကူးစက်စေနိုင်သည်။

တိရစ္ဆာန်များမှ လူသို့ (Zoonotic Transmission)

H5N1 ကဲ့သို့သောဗိုင်းရပ်စ်များသည် တိရစ္ဆာန် များမှလူသို့လည်း ကူးစက်နိုင်ပြီး ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ များကိုဖြစ်စေနိုင်သည်။

၂၀၂၄ ခုနှစ်အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စု၏ ပြည်နယ် ၁၇ ခုရှိ နို့စားနွားမွေးမြူရေးလုပ်ငန်းများတွင် H5N1 ဗိုင်းရပ်စ်ကူးစက်မှုများ စတင်တွေ့ရှိခဲ့ပါသည်။ ဤသည်မှာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါများသို့ မျိုးဗီဇပြောင်းလဲကူးစက်နိုင်စွမ်းရှိကြောင်း ပြသသည့် အရေးကြီးသော ဥပမာတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ နို့တိုက်သတ္တဝါမျိုးစိတ် ၃၀ ကျော်သည် HPAI ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပြီဖြစ်ကာ နောက်ထပ်ပိုမိုတိုးလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအချက်အလက်စနစ် (WAHIS) မှ စုဆောင်းထားသော အချက်အလက်များအရ မြောက်ကမ္ဘာခြမ်းတွင် HPAI ကူးစက်မှုများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် စတင်မြင့်တက် လာပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်အမြင့်ဆုံးသို့ ရောက်ရှိနိုင်သည်ဟု ဖော်ပြနေသောကြောင့် ဖြစ်သည်။

ဤဖြစ်ရပ်များသည် ဗိုင်းရပ်စ်၏မျိုးစိတ်ကွဲများအကြား အတားအဆီးများကို ကျော်လွှားနိုင်စွမ်းနှင့် တောရိုင်းတိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ပြည်သူ့ကျန်းမာရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ထပ်မံမီးမောင်းထိုးပြလျက်ရှိပါသည်။ အမေရိကန်ပြည်ထောင်စုရှိ နို့စားနွားများတွင် ကြက်ငှက်တုပ်ကွေးရောဂါ HPAI စဉ်ဆက်မပြတ် တွေ့ရှိမှုများသည် ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကိုမြင့်တက်စေပါသည်။

၂၀၂၅ ခုနှစ် အစောပိုင်းအထိ နို့စားနွားများတွင် စမ်းသပ်တွေ့ရှိခဲ့သော ဗိုင်းရပ်စ်အားလုံးသည် H5 clade 2.3.4.4b genotype B3.13 မျိုးကွဲဖြစ်သော်လည်း ယခုအခါ Nevada နှင့် Arizona ရှိ နို့စားနွားများတွင် ဒုတိယမျိုးကွဲဖြစ်သော D1.1 genotype ကို အတည်ပြုတွေ့ရှိခဲ့သည်။ D1.1 genotype သည် ၂၀၂၃ ခုနှစ် ဆောင်းရာသီနှင့် ၂၀၂၄ ခုနှစ် ဆောင်းဦးကာလအတွင်း မြောက်အမေရိကတိုက်ရှိ ငှက်များ၏ ရွှေ့ပြောင်းရာလမ်းကြောင်း (North American flyways) တွင် အဓိကပျံ့နှံ့ခဲ့သော မျိုးကွဲဖြစ်ပြီး တောရိုင်းငှက်များ၊ နို့တိုက်သတ္တဝါများနှင့် မွေးမြူရေးကြက်များ (domestic poultry)တွင် ကူးစက်မှုများ တွေ့ရှိရသည်။ နို့စားနွားများတွင် ဗိုင်းရပ်စ်၏ မတူညီသော genotype နှစ်မျိုး (B3.13 နှင့် D1.1) တွေ့ရှိမှုသည် ဗိုင်းရပ်စ်၏ ဆက်လက်ပြောင်းလဲနိုင်စွမ်းနှင့် ကူးစက်မှုလမ်းကြောင်း အသစ်များကို ညွှန်းဆိုနေသည်။ genotype D1.1 မျိုးကွဲသည် နို့စားနွားများတွင် ယခင်က အဓိကဖြစ်ပွားခဲ့သော genotype B3.13 မျိုးကွဲနှင့် မတူညီပါ။ B3.13 မျိုးကွဲသည် လူသားများကို ကူးစက်ပါက ရောဂါလက္ခဏာအပျော့စားသာ ဖြစ်ပွားစေနိုင်ခဲ့ပါသည်။ Genotype D1.1 သည် H5N1 ဗိုင်းရပ်စ်၏ မျိုးဗီဇအမျိုးအစား (Genetic Clade) တစ်ခုဖြစ်ပြီး ငှက်များမှ နွားများသို့ ကူးစက်နိုင်စွမ်း (Cross-Species Transmission) ပိုမို မြင့်မားနိုင်သည့်သဘောရှိကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြထားသည်။ Genotype D1.1 ၏ ထူးခြားချက်မှာ ငှက်များတွင် အဓိကတွေ့ရှိရသော်လည်း နို့တိုက်သတ္တဝါများ (ဥပမာ - နွား၊ ကြောင်) တွင် ကူးစက်နိုင်စွမ်းရှိသည်။ Genotype D1.1 သည် နို့တိုက်သတ္တဝါများသို့ ကူးစက်နိုင်စွမ်းမြင့်မားသည့်အတွက် လူသို့ကူးစက်မှု (Zoonotic Transmission) အန္တရာယ်ကိုစောင့်ကြည့်ရန် အရေးကြီးပါသည်။ ဗိုင်းရပ်စ်၏မျိုးရိုးဗီဇပြောင်းလဲမှု (Mutation) ဆက်ဖြစ်ပါက လူအချင်းချင်းကူးစက်နိုင်သည့် ကပ်ရောဂါ (Pandemic) အန္တရာယ်သို့ ရောက်ရှိလာနိုင်ပေသည်။

HPAI ကူးစက်ခံရသောနွားများတွင် ရောဂါလက္ခဏာမပြဘဲ သို့မဟုတ် နို့ထွက်နှုန်းကျဆင်းခြင်း၊ နို့အရည်အသွေးပျက်၍ ပျစ်ခဲသောနို့ထွက်ခြင်း၊ အစာစားနှုန်းလျော့ကျခြင်း၊ အားနည်းခြင်း၊ အဖျားတက်ခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းစသော မပြင်းထန်သည့် ရောဂါလက္ခဏာများသာပြသလေ့ရှိပါသည်။ သေဆုံးနှုန်းမှာလည်း နှစ်ရာခိုင်နှုန်းခန့်သာရှိသည်။ ရောဂါကူးစက်ခံရသောနွားများမှ ထွက်ရှိသောနို့စိမ်း (raw milk) တွင် ဗိုင်းရပ်စ်ပမာဏအလွန်မြင့်မားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများက အတည်ပြုထားသည်။ H5N1 သည် ယခင်က ငှက်များတွင်သာ အဓိကတွေ့ရှိရသော်လည်း ယခုအခါ နွား၊ ဆိတ်၊ ဖျံ စသည့်နို့တိုက်သတ္တဝါများတွင် ကူးစက်လာခြင်းက ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကို မြန်ဆန်စေနိုင်သည်။ ၎င်းသည် လူသားများအတွက် ပိုမိုလွယ်ကူစွာကူးစက်နိုင်သော ဗိုင်းရပ်စ်အဖြစ်ပြောင်းလဲနိုင်ခြေ (zoonotic adaptation) ကိုမြင့်တက်စေသည်။ လက်ရှိတွင် နွားနို့မှတစ်ဆင့်လူသို့ တိုက်ရိုက်ကူးစက်မှုအတည်မပြုရသေးသော်လည်း ဗိုင်းရပ်စ်၏မျိုးဗီဇပြောင်းလဲမှုကြောင့် အန္တရာယ်မြင့်မားနေသည်။

H5N1 ဗိုင်းရပ်စ်၏နွားများအကြား အပြင်းအထန်ကူးစက်ပျံ့နှံ့မှုသည် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ကြီးမားသော စိုးရိမ်ဖွယ်ရာအခြေအနေကို ဖြစ်ပေါ်စေနိုင်ပါသည်။ အမေရိကန် CDC နှင့် WHO ၏ သတိပေးချက်အရ ရောဂါကူးစက်သည့်နွားများမှ ထုတ်လုပ်သော နို့စိမ်း (unpasteurized milk) ကို သောက်သုံးခြင်းသည် H5N1 ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပ္ပံနည်းကျသက်သေပြချက်များရှိပါသည်။ နို့ကိုပေါင်းခံခြင်း (pasteurization) မပြုလုပ်ပါက ဗိုင်းရပ်စ်အသက်ရှင်နိုင်ပြီး လူသို့ကူးစက်နိုင်သည်။ WHO ၏ဖော်ပြချက်များအရ H5N1 သည် လူသားများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်ရောဂါများ ဖြစ်စေနိုင်ပြီး သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ (WHO, FAO) ၏အကြံပြုချက်များမှာ

နို့နှင့် နို့ထွက်ပစ္စည်းများကို သေချာစွာချက်ပြုတ် ပြီးမှသာ စားသုံးပါ၊ (Pasteurization လုပ်ထားသော နို့ကိုသာ ရွေးချယ်ပါ)။

- မွေးမြူရေးခြံများတွင် ဇီဝလုံခြုံရေး (biosecurity)မြှင့်တင်ခြင်း (ဥပမာ - ကူးစက်နိုင်သောငှက်များနှင့် ထိတွေ့မှုကို ကန့်သတ်ခြင်း)။

- နွားများနှင့် အခြားမွေးမြူရေးတိရစ္ဆာန်များတွင် H5N1 စောင့်ကြည့်စစ်ဆေးမှု မြှင့်တင်ခြင်း။

- ကူးစက်မှုလက္ခဏာရှိသော တိရစ္ဆာန်များကို ချက်ချင်းသီးသန့်ထားရှိခြင်း။

အိမ်မွေးတိရစ္ဆာန်များတွင် H5N1 ကူးစက်မှု

ကြက်ငှက်တုပ်ကွေး H5N1 ဗိုင်းရပ်စ်တွေ့ရှိရသော နို့စားနွားမွေးမြူသည့် ပြည်နယ်များရှိ အိမ်မွေးကြောင်များစွာတွင် H5N1 ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပြီး ကျားသစ်၊ ကျား၊ ခြင်္သေ့နှင့် ဘော့ကတ်စ်ကြောင်ကြီးများ(Bobcats) အပါအဝင် ကြောင်မျိုးစိတ်များစွာကူးစက်ခံခဲ့ရသည်။ ကြောင်များတွင် ရောဂါလက္ခဏာများမှာပြင်းထန်ပြီး အာရုံကြောအားနည်းခြင်း၊ နှာရည်/ မျက်ရည်အလွန်ကျခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်ပေါ်ကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်သည်။

နိဂုံးချုပ်အားဖြင့်ဆိုသော် H5N1 ဗိုင်းရပ်စ်၏နွားများအကြားကူးစက်မှုသည် လူသားများအတွက် ကပ်ရောဂါအဆင့် အန္တရာယ်ကိုမြင့်တက်စေနိုင်သည့် အချက်တစ်ခုဖြစ်သည်။ ထို့ကြောင့်ကြိုတင်ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် အသိပညာပေးခြင်းများကိုအရှိန်မြှင့်၍ ဆောင်ရွက်ရန်အရေးကြီးပါသည်။ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ သုတေသနနှင့် အရေးပေါ်အစီအမံများသည် ဤကပ်ဘေးအန္တရာယ်ကိုကာကွယ်ရန် အဓိကသော့ချက်များဖြစ်ပါသည်။

“ကပ်ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်ပွားပြီးမှကုသခြင်းထက် အဆပေါင်းများစွာထိရောက်ပါသည်”။ ။

Source: MOI

ကျန်းမာသက်ရှင်နေထိုင်ရေး ငါးအာဟာရစားသုံးပေး

Posted_Date

Image

ကျန်းမာသက်ရှင်နေထိုင်ရေး ငါးအာဟာရစားသုံးပေး

Body

ဘာကြောင့် ငါးကိုစားသင့်ပါသလဲ

ငါးနှင့်ပုစွန်များသည် အဆီနည်းခြင်း၊ ကယ်လိုရီနည်းခြင်းနှင့် အသားဓာတ်မြင့်မားစွာပါဝင်သော အစားအစာဖြစ်ပြီး စားသုံးသူ၏ ခန္ဓာကိုယ်၊ ဦးနှောက်နှင့်နှလုံးတို့ကို အကျိုးရှိစေသည့် ဗီတာမင်၊ သတ္တုဓာတ်၊ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များအတွက် အလွန်ကောင်းမွန်အကျိုးရှိသော အရင်းအမြစ်ဖြစ်ပါသည်။

အဆိုပါ အကျိုးရှိသော အာဟာရဓာတ်များထဲမှ တစ်မျိုးဖြစ်သော အိုမီဂါ-၃အဆီအက်စစ်များသည် ကင်ဆာ၊ စိတ်ဓာတ်ကျခြင်းနှင့် နှလုံးရောဂါများ လျော့နည်းစေရန် ဆက်စပ်မှုများရှိပါသည်။ အိုမီဂါ-၃ အဆီအက်စစ်သည် မမွေးဖွားသေးသော သန္ဓေသားနှင့် မွေးဖွားပြီးကလေးငယ်များ၏ ဦးနှောက်ဉာဏ်ရည် ကျန်းမာဖွံ့ဖြိုးရေးအတွက်လည်း ပိုမိုကောင်းမွန်စေပြီး ငယ်ရွယ်သူကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရန်အဟန့်အတားဖြစ်စေသည့် ပြဿနာများကိုလည်း တိုးတက်ကောင်းမွန်စေပါသည်။

ငါးစားသုံးခြင်းဖြင့် အခြားသောဖြစ်စေနိုင်သည့်အရာများ

အချို့သော ငါးမျိုးများမှာ မာကျူရီဓာတ်မြင့်မားစွာပါဝင်သဖြင့် အဆိုပါငါးမျိုးများကို ကာလကြာရှည်စွာပမာဏများများစားသုံးပါက ကျန်းမာရေးဘေးအန္တရာယ်ရှိနိုင်ပါသည်။ မာကျူရီဓာတ်သည် ဦးနှောက်နှင့်အခြားသော အာရုံကြောစနစ်၏ အချို့သောအပိုင်းများကို ပျက်စီးစေနိုင်ပါသည်။ မမွေးဖွားရသေးသော သန္ဓေသားများ၊ ကလေးငယ်များနှင့် ငယ်ရွယ်သူများသည် ၎င်းတို့၏အာရုံကြော စနစ်များသည် ဖွံ့ဖြိုးဆဲဖြစ်သဖြင့် မာကျူရီ၏ ဘေးအန္တရာယ်မှာ အလွန်ကြီးမားပြီး ပျက်ပြယ်သွားခြင်းမရှိဘဲ အမြဲတမ်းထိခိုက်နိုင်ပါသည်။

အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန်အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် အသက်ခုနစ်နှစ်အရွယ်အောက်ကလေးများသည် မာကျူရီအဆိပ်သင့်မှု အနည်းဆုံးဖြစ်စေရန် ဂရုပြုရမည်ဖြစ်ပါသည်။

ငါးပမာဏမည်မျှစားသုံးသင့်ပါသနည်း

သင်စားသုံးမည့် ပင်လယ်စာအမျိုးအစားနှင့် ပမာဏတို့ကိုကန့်သတ်ချင့်ချိန်ခြင်းဖြင့် ငါးစားသုံးခြင်းမှ မာကျူရီအဆိပ်သင့်မှုကို လျှော့ချနိုင်ပြီး အစာအာဟာရမှ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက အကြံပြုထောက်ခံထားသည်မှာ ရက်သတ္တတစ်ပတ်လျှင် ပင်လယ်စာအမျိုးမျိုး နှစ်ကြိမ်စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ အရွယ်ရောက်သူများအနေဖြင့် ငါးကို ရက်သတ္တတစ်ပတ်လျှင် ၁၂ အောင်စ၊ ၆ အောင်စ နှစ်ကြိမ်စားသုံးသင့်ပြီး ငယ်ရွယ်သူ ကလေးများအနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ၆ အောင်စ၊ ၃ အောင်စ နှစ်ကြိမ် စားသုံးသင့်ပါသည်။ ချက်ပြုတ်ပြီးသောငါး ၆ အောင်စသည် မချက်ပြုတ် ရသေးသောငါး ၈ အောင်စ (ပေါင်ဝက်)နှင့် ညီမျှ ပါသည်။

မည်သည့်ငါးမျိုးများသည် စားသုံးရန် အသင့်တော်ဆုံးဖြစ်ပါသနည်း

မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ - ၃ အဆီအက်စစ်ပါဝင်မှုမြင့်မားသော ငါးများသည် စားသုံးရန်အသင့်တော်ဆုံးဖြစ်ပါသည်။ မည်သူမဆို မာကျူရီဓာတ်နည်းသော ငါးမျိုးကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်စားသုံးရပါမည်။ မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃အဆီအက်စစ် ပါဝင်မှုမြင့်မားစွာပါရှိသည့် စားသုံးရန်အကောင်းဆုံးငါးမျိုးများမှာ ဟာရင်း(Herring)၊ ယောက်သွား (Mussels)၊ ကမာ(Oysters)၊ ဆယ်လ်မွန်(Salmon)၊ ငါးသေတ္တာငါးခေါ် ငါးကုန်းညို (Sardine)၊ ငါးဖြူ (Whitefish) တို့ဖြစ်ပါသည်။

မာကျူရီဓာတ်အနည်းဆုံးပါဝင်ပြီး အိုမီဂါ-၃ အဆီအက်စစ်ပါဝင်မှု မမြင့်မားသော်လည်း စားသုံးရန် သင့်တော်သောငါးမျိုးများမှာ စည်သွတ်ကျူနာ (Light Canned Tuna)၊ ငါးခူငါးမျိုး(Catfish)၊ ကဏန်း (Crab)၊ ရေချိုကျောက်ပုစွန် (Crawfish)၊ ခုံးကောင် (Scallops, Clams)၊ ရေငန်ပုစွန်(Shrimp)၊ ကင်းမွန်(Squid)၊ ထရောက်ငါး(Trout)၊ ဖလောင်ဒါငါး (ငါးခွေးလျှာငါးမျိုး Flounder)တို့ ဖြစ်ပါသည်။ မာကျူရီဓာတ်အသင့်အတင့် ပါဝင်သော အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့် ငါးမျိုးများမှာ စည်သွတ်ကျူနာ (Canned Tuna- White/ albacore)၊ ငါးလက်ကိုက်/ငါးခွေးကဲ့သို့ ငါးကင်(Halibat steak)၊ ကျူနာငါးကင် (Tuna Steak) တို့ ဖြစ်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် ကလေးငယ်များသည် အကန့်အသတ်အတိုင်းအတာဖြင့် စားသုံးရမည့်ငါးမျိုးများကို ရက်သတ္တတစ်ပတ်လျှင် တစ်နပ်သာစားသုံးပါက ဘေးအန္တရာယ်ကင်းနိုင်ပြီး မာကျူရီဓာတ်နည်းသော (ရေငန်ပုစွန်၊ စည်သွတ်ကျူနာ၊ ဆယ်လ်မွန်ငါး၊ ပိုလော့ငါးနှင့်ငါးခူ) ငါးများကို ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်စားသုံးနိုင်ပါသည်။

အကြံပြုရလျှင် အိုမီဂါ-၃ ဓာတ် မြင့်မားစွာပါပြီး မာကျူရီဓာတ်ပါဝင်မှုနည်းသောငါးကိုစားပါ။ သေးငယ်ပြီးငယ်ရွယ်သောငါးကိုစားပါ။ အခြားငါးများကို မစားသောငါးကို ရွေးချယ်စားပါ။ အရွယ်ကြီးပြီး အသားစားသော ငါးမျိုးများသည် မာကျူရီဓာတ်ပိုမိုစုဆောင်းပါရှိနိုင်သောကြောင့် ဖြစ်ပါသည်။

မည်သည့် ငါးမျိုးများကိုရှောင်စားရမလဲ

အမေရိကန် FDA မှ အကြံပြုထားသည်မှာ ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ရယူရန် အစီအစဉ်ရှိသည့် အမျိုးသမီးများ၊ ကလေးအမေများနှင့် အသက်ခုနစ်နှစ်အောက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာပါရှိသော ငါးများဖြစ်သည့် ငါးကွမ်းရှပ် (king mackerel)၊ ငါးဂဠုန် (Swordfish)၊ ငါးမန်း (Shark)၊ ငါးပါးနီ (Golden snapper) တို့ကိုစားသုံးခြင်းအား ရှောင်ရှားရမည်ဖြစ်ပါသည်။ အရွယ်ရောက်သူများနှင့် အသက်ခုနစ်နှစ်အထက် ကလေးငယ်များသည် မာကျူရီဓာတ်မြင့်မားစွာ ပါရှိသောငါးများကို ရက်သတ္တတစ်ပတ်လျှင် တစ်နပ်စားသုံးပါက ဘေးကင်းနိုင်ပါသည်။ မာကျူရီဓာတ်မြင့်မားသော ငါးများကိုစားပါက ကျန်းမာစေသော အိုမီဂါ-၃ ဓာတ်၏အကျိုး အာနိသင်ကိုလည်း လျော့နည်းစေမည်ဖြစ်ပါသည်။

အခြားသောရေထွက်ကုန်ငါးများကိုရော ဘယ်လိုစားနိုင်ပါသလဲ

စည်သွတ်ကျူနာ (Chunk light tuna) သည် ကျူနာငါးအသားတုံး (Solid white or chunk white tuna) ထက် မာကျူရီဓာတ်ပါဝင်မှုနည်းသဖြင့် စားသုံးရန်ဘေးဥပဒ်ကင်းပါသည်။ တစ်နပ်လျှင် စည်သွတ်ကျူနာ (Chunk light tuna) (၆-၈) အောင်စစားနိုင်ပြီး ရက်သတ္တပတ်တစ်ပတ်လျှင် နှစ်ကြိမ်အထိစားနိုင်ပါသည်။ ကျူနာငါးအစိမ်း (သို့မဟုတ်) ကျူနာငါးအကင်ဆိုပါက ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်သာစားသင့်ပါသည်။

မွေးမြူရေးရေထွက်ကုန်များဖြစ်သော ငါးခူမျိုးများ၊ တီလားပီးယားငါးများ၊ ရေငန်ပုစွန်နှင့် ယောက်သွားများသည် မာကျူရီဓာတ်နည်းသော ရေထွက်ကုန်များဖြစ်ပါသည်။ ငါးအသားချောင်း၊ အသားညှပ်ပေါင်မုန့်ကဲ့သို့ အမြန်စာ (fish sticks, fast food sandwiches)၊ အခြားသော အေးခဲငါးများ၊ ပေါင်မုန့်ကပ်ရေထွက်ကုန်များသည် မည်သူမဆိုစားသုံးရန်ဘေးကင်းပြီး ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ်အထိ စားသုံးနိုင်ပါသည်။ သို့သော် အဆိုပါရေထွက်ကုန်များသည် အိုမီဂါ-၃ အဆီ အက်စစ်မြင့်မားစွာမပါရှိဘဲ အဆီဓာတ်နှင့် ကယ်လိုရီဓာတ်များ ပါဝင်မှုများပါသည်။ ဂဏန်းနှင့်ကျောက် ပုစွန်အသားတုများသည် မည်သူမဆိုစားသုံးရန် ဘေးကင်းပါသည်။ ပင်လယ်စာ(သို့မဟုတ်) ခုံးတို့နှင့် ဟင်းသီးဟင်းရွက်များ ကျိုထားသော ဟင်းချိုပြစ်ပြစ် (Seafood chowder and clam chowder) များသည် မည်သူမဆိုစားသုံးရန် ဘေးကင်းပါသည်။

ရက်သတ္တတစ်ပတ်လျှင်စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားပါက ဘာဖြစ်နိုင်ပါသလဲ

သင့်ကျန်းမာရေးအတွက် အကျိုးရှိစေမည့် စားသုံးရန်သင့်တော်သော ငါးပမာဏသည် သင်၏ အသက်၊ နှလုံးကျန်းမာရေးအခြေအနေနှင့် သင်စားသုံးမည့် ငါးမျိုးအပေါ် မူတည်ပါမည်။ အကယ်၍ သင်သည်ရက်သတ္တတစ်ပတ်လျှင် စားသုံးရန် အကြံပြုထောက်ခံထားသော ပမာဏထက်ပိုစားလိုပါက သင့်အတွက် အသင့်တော်ဆုံးဖြစ်မည့် ငါးမျိုးကို ရွေးချယ်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ရမည်ဖြစ်ပါသည်။

ပင်လယ်စာငါးများကို မည်ကဲ့သို့ အကောင်းဆုံး ချက်ပြုတ်ပြင်ဆင်စားသုံးသင့်ပါသလဲ

ပင်လယ်စာသည်သဘာဝအားဖြင့် အာဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး အဆီနှင့်ကယ်လိုရီဓာတ် နည်းပါးစွာပါဝင်ပါသည်။ (စားမည့်ငါး ၆ အောင်စတွင် ကယ်လိုရီဓာတ် ၁၈၀-၂၀၀ ကယ်လိုရီပါရှိပါသည်။) ပင်လယ်စာ၏ အာဟာရအကျိုးရှိမှုကို မပျက်စီးစေရန် အဆီအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများ သင်ရွေးချယ်စားသုံးရန်အရေးကြီးပါသည်။ ပင်လယ်စာ၏ ကျန်းမာရေးအကျိုးရှိမှုကို ထိန်းသိမ်းနိုင်ရန်အတွက် ချက်ပြုတ်သည့်နည်းလမ်းများသည် အရေးကြီးပါသည်။

ငါးတစ်ကိုယ်လုံးတွင် မာကျူရီဓာတ်များ တွေ့ရှိရပါသဖြင့် သန့်စင်ခြင်းနည်းစနစ်များသည် ငါးဟင်းတွင်ပါဝင်သော မာကျူရီပမာဏကို လျှော့ချနိုင်လိမ့်မည်မဟုတ်ပါ။ ငါးကိုဖုတ်ခြင်း (Baking)၊ မီးကင်ခြင်း (Broiling)၊ ရေနွေးဖြင့် ပြုတ်ခြင်း (Poaching)၊ ပေါင်းခြင်း (Steaming)၊ ကင်ခြင်း(Grilling)၊ မိုက်ကရိုဝေ့ဖြင့်ချက်ခြင်း (microwaving)၊ ထောပတ်(သို့မဟုတ်) ဆီအနည်း ငယ်ဖြင့်ကြော်ခြင်းတို့သည် သင်၏ဟင်းပွဲတွင် အဆီဓာတ်ပါဝင်မှု အနည်းဆုံး ဖြစ်စေပါလိမ့်မည်။

ငါးအမျိုးမျိုးအတွက် တစ်ခုသောစံပြုချက်နည်း တစ်ရပ်မှာ အထူတစ်လက်မရှိသော ငါးအသားလွှာကို အပူချိန် ၄၀၀ ဒီဂရီဖြင့် ၁၀ မိနစ်ကြာ ဖုတ်ခြင်း(Baking) ဖြစ်ပါသည်။ ငါးကိုချက်ပြုတ်ရာတွင် ဆီများများဖြင့် ကြာမြင့်စွာကြော်ပြီး ခရင်ဆော့ဖြင့်စားမည်ဆိုပါက သင်၏ဟင်းပွဲတွင် အဆီဓာတ်နှင့် ကယ်လိုရီဓာတ်မြင့်စေမည်ဖြစ်ပါ သည်။

အရည်အသွေးကောင်းသောအေးခဲငါးကို မည်ကဲ့သို့ရွေးချယ်နိုင်မည်နည်း

အေးခဲငါးများ၏ ထုပ်ပိုးထားသောအရာများသည် ပျက်စီးမနေရပါ။ အေးခဲငါးများ၏ အထုပ်အပိုးအပေါ်၌ ရေခဲမှုန်များနှင့် နှင်းခဲမှုန်များဖုံးနေပါက မဝယ်ပါနှင့်။ အဆိုပါ ငါးများသည် ရက်ကာလ ရှည်ကြာစွာ သိုလှောင်ထားသောငါးများ (သို့မဟုတ်) အရည်ဖျော်ပြီး ပြန်လည်အေးခဲထားသော ငါးများဖြစ်ပါသည်။ လတ်ဆတ်သောငါးအသားလွှာ၏ အရောင်သည် အမျိုးမျိုးဖြစ်နေသော်လည်း များသောအားဖြင့် အရောင်ညီစွာဖြင့် တောက်ပနေပြီး အစွန်းဘက်များ၌ အဝါရောင် (သို့မဟုတ်) မြေဖြူရောင်သန်းမနေပါ။ ငါးအသားလွှာများသည် စိုစွတ်၍ တင်းမာနေရမည်ဖြစ်ပြီး လတ်ဆတ်သော အနံ့ဖျော့ဖျော့ဖြစ်နေရပါမည်။ ငါးညှီနံ့ စူးစူးဝါးဝါးဖြစ်မနေရပါ။

အိမ်၌ မည်ကဲ့သို့ ငါးများကို သိုလှောင်ထားရပါမည်နည်း

ငါးများကိုနေရောင်ခြည်အောက်၌ တိုက်ရိုက်မထားဘဲ ရေခဲအပေါ်၌ထားရှိရပါမည်။ လတ်ဆတ်သောငါးများ (သို့မဟုတ်) အေးခဲသောငါးများကို နှစ်ရက်အတွင်း ချက်ပြုတ်စားသောက်ရပါမည်။ ငါးကိုအေးခဲခန်းဖြင့်ဆိုလျှင် သုံးလအထိ သိုလှောင်ထားနိုင်ပါသည်။ ချက်ပြုတ်ပြီးသောငါးကို ရေခဲသေတ္တာအတွင်း၌ (၃-၄) ရက်ကြာ သိုလှောင်ထားနိုင်ပြီး အေးခဲအခန်း၌ဆိုပါက တစ်လကြာသိုလှောင်ထားနိုင်ပါသည်။

ရည်ညွှန်းချက်-LOUISIANA DEPARTMENT OF HEALTH and HOSPITAL

Source: MOI

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

News Image

ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင် အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

ကျောင်းကုန်း  မေ ၁၈

ဧရဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ဗိုလ်ကိတ်ပဲ ၁၆ ပြည်ဝင်အိတ်ရေ ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရသည်။