မူတစ်သွင် အားအင်သစ်လိုက်ပါ့ ချစ်စရာ့တို့ကျောင်းသား
Posted_Date
Image

Body
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာသည်။နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့အတွင်းရှိကျောင်းများ၌တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ထားရှိသကဲ့သို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သော www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြသည်။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ရှိ စာစစ်ဌာနများ၏ အောင်စာရင်း များကိုလည်း မြန်မာ့အသံ(ရေဒီယို)၊ တိုင်းရင်းသားအစီအစဉ်များမှထုတ်လွှင့်ကြေညာပေးလျက်ရှိသည်။ ဤသည်မှာ နှစ်စဉ်လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်သည်။ ယခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့်ရာခိုင်နှုန်းတွင် နိုင်ငံခြားစာစစ်ဌာနမှအောင်ချက် ရာခိုင် နှုန်း ၉၅ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်။ ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် မွန်ပြည်နယ် သည် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြစ်၍ အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သည်။ စာမေးပွဲဆိုသည်မှာ ကျောင်းသားတို့၏ ပညာအရည်အချင်းကို စစ်ဆေးခြင်းဖြစ် သည်။
တက္ကသိုလ်ဝင်စာမေးပွဲဆိုသည်မှာ အခြေခံပညာအဆင့်တွင် အမြင့်ဆုံးစာမေးပွဲဖြစ်သည်။ ထိုစာမေးပွဲ အောင်မြင်လျှင် မိမိတို့တက်ရောက်လိုသောတက္ကသိုလ်တို့သို့ မိမိတို့အရည်အချင်းအလိုက် ဆက်လက် တက်ရောက်နိုင်ပြီဖြစ်သည်။
အောင်စာရင်းထွက်တော့မည်ဆိုကတည်းက ရင်အခုန်ဆုံးသူများမှာ ကျောင်းသားမိဘများဖြစ်သည်။ မိမိတို့သားသမီးများစာမေးပွဲအောင်မြင်သည်ကိုသာ မိဘတိုင်းကမြင်တွေ့လိုကြသည်။ကျောင်းသားများအနေဖြင့်လည်း မိမိတို့၏ဘဝတက်လမ်းဖြစ်သည့်အတွက် အောင်စာရင်းကို ရင်ခုန်စွာမျှော်လင့် စောင့်စားခဲ့ကြမည်ပဲဖြစ်သည်။ စာမေးပွဲအောင်မြင်သူများအတွက် အလွန်ပင်ဝမ်းသာဖွယ်ဖြစ်သည်။ မိမိအမည်၏ဘေးတွင် ကပ်လျက်ပါလာမည့် ဘာသာရပ်အမည်များကိုလည်း အားလုံးကမြင်တွေ့လိုကြ ပေလိမ့်မည်။ကျောင်းသားအားလုံးသည်အဆင့်အမြင့်ဆုံးအခြေအနေကိုရည်မှန်းကာ ကြိုးစားခဲ့ကြ ခြင်းဖြစ်ပေလိမ့်မည်။ ပညာသင်နှစ်တစ်နှစ်လုံး မိမိတို့အစွမ်းရှိသမျှ တက်ကုန်ဖွင့်၊ ရွက်စုံလွှင့်၍ စာမေးပွဲဆိုသောပင်လယ်ပြင်ကို ကူးခပ်ခဲ့ကြပေလိမ့်မည်။
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်သည့်နေ့မှာ အောင်မြင်သူတို့အတွက် ကြည်နူးဝမ်းသာစရာ အလွန်ကောင်းသည့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်နေ့ဖြစ်သည်။ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သူတို့အဖို့ သူတို့ကျောင်း၊ သူတို့မြို့နယ်၊ သူတို့ပြည်နယ်နှင့်တိုင်းဒေသကြီးအတွက် အလွန်ပင်မျက်နှာပန်းပွင့်သူများဖြစ်လာကြသည်။ လူမှုကွန်ရက်တွင် မြို့အမည်၊ ကျောင်းအမည်နှင့် ဘာသာစုံဂုဏ်ထူးရသူတို့ကို အသီးသီးဖော်ပြ၍ ဂုဏ်ပြုချီးမြှောက်ကြသည်။ မိမိကျောင်း၊ မိမိမြို့နယ် အတွက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွက် ဂုဏ်ယူဖွယ်ဖြစ်ရသလို ကာယကံရှင်နှင့် မိဘ၊ ဆရာများ ကလည်း ဝမ်းသာအားရဂုဏ်ယူကြလျက်ရှိသည်။
ထို့အတူ အောင်စာရင်းတွင် အမည်မပါလာသူတို့အတွက် တဒင်္ဂအားဖြင့် ခေတ္တမျှစိတ်ညစ်ညူးဖွယ် အခြေအနေဖြစ်သော်လည်းအခြားတစ်ဖက်မှကြည့်မည်ဆိုလျှင် ပိုမိုကောင်းမွန်သောအနာဂတ်ကို ခွန်အားအသစ်ဖြင့် ပြန်လည်စတင်နိုင်ခြင်းဆိုသည့် အခွင့်အလမ်းကောင်းတစ်ခုကို ထပ်မံရရှိခြင်း လည်းဖြစ်သည်။ အကယ်စင်စစ်အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုသည်မှာမိမိ၏ကြိုးစားအားထုတ်မှုနှင့် အကြောင်းကြောင်းသော ကံတရားတို့အပေါ်တွင်လည်း မူတည်ပေသည်။ ထိုအကြောင်းတရားတို့အပေါ် သင်ခန်းစာရယူပြင်ဆင်၍ လာမည့်နှစ်တွင် မုချအောင်မြင်အောင်ကြိုးစားမည်ဟူသော ခိုင်မာသည့် သန္နိဋ္ဌာန်ချမှတ်ကာပြန်လည်ကြိုးစားရမည်ဖြစ်သည်။
ဆိုလိုချင်သည်မှာ စာမေးပွဲကျရှုံးခြင်းကြောင့်စိတ်ဓာတ်မကျဆင်းပါနှင့်။ သူလည်းကျောင်းသား၊ ကိုယ်လည်းကျောင်းသား၊ သူလည်းလူ၊ ကိုယ်လည်းလူ၊ သူတောင်အောင်မြင်သေးရင် ငါလည်း အောင်မြင်ရမှာပေါ့ဆိုတဲ့စိတ်နဲ့အားတင်းထားပါ။ ဘဝကိုအရှုံးမပေးလိုက်ပါနှင့်။ ကျရှုံးခြင်းမှာ ခေတ္တသာ ဖြစ်ရမယ်။ အားသစ်အင်သစ်နှင့်ကြိုးစားလျှင် အောင်မြင်မှုက လက်ကမ်းကြိုနေမည်သာဖြစ်သည်။ စာရေးသူအနေဖြင့် အောင်မြင်သူအားလုံးအတွက် ဝမ်းသာပီတိ ဂွမ်းဆီထိပမာဖြစ်ရသလို ကျရှုံးသူတို့ အတွက်လည်း အထူးပင်ဝမ်းနည်းမိသည်။ စိတ်မကောင်းလည်းဖြစ်မိသည်။ ထို့အတူ မအောင်မြင်သော ကျောင်းသားများအနေဖြင့် ပညာရေးခရီးအားအဆုံးတိုင်ဆက်မလျှောက်ဘဲလမ်းခုလတ်တွင် ရပ်တန့် ပစ်လိုက်မည်ကို စာရေးသူအထူးပင်စိုးရိမ်မိသည်။ တက္ကသိုလ်ဝင်စာမေးပွဲဆိုသည်မှာ ဘဝစာမေးပွဲနှင့် နှိုင်းစာသော် အစိတ်အပိုင်းငယ်မျှသာဖြစ်သည်။ ထိုအစိတ်အပိုင်းငယ်ကြောင့် မိမိဘဝကို ရေစုန်မျှော မပစ်လိုက်ဖို့လိုသည်။ ထို့နည်းတူ ထိုအစိတ်အပိုင်းငယ်ကို မထီမဲ့မြင်ပြု၍လည်း မိမိဘဝကို ပေါ့ပြက် ပြက်မပြုစေလို။ ဟန်ချက်ညီညီဖြင့် ထိုအစိတ်အပိုင်းငယ်ဖြစ်သော စာမေးပွဲကိုလည်း အလေးအနက် ထား၊ မိမိဘဝကိုလည်းတန်ဖိုးထား၍ နည်းမှန်လမ်းမှန်၊ စနစ်မှန်ဖြင့် နောက်ထပ်တစ်ကြိမ် အခွင့်ကောင်း ကိုဖမ်းဆုပ်၍ မုချပိုင်ပိုင်အောင်နိုင်ခြင်းသို့ရောက်ရှိအောင် မလျှော့သောဇွဲလုံ့လတို့ဖြင့်ရည်သန် ကြိုးစား ကြရမည်ဖြစ်သည်။ သို့ဆိုလျှင် အဘယ်မျှခက်ခဲသော စာမေးပွဲပင် ဖြစ်စေ ကျောင်းသားတို့၏ လက်ဝယ် ရှေ့မှောက်အောင်မြင်ခြင်းတို့ မလွဲမသွေဆိုက်ရောက် လာကြမည်သာဖြစ်သည်။
ဤနေရာတွင် ကျောင်းသားအားလုံးသိပြီးဖြစ်သည့်ဆရာမငွေတာရီ၏ “ထိပ်ဆုံးသို့” ဆိုသည့် ကဗျာစာသားအချို့ကို မျှဝေလိုသည်။ တောင်တက်သူသည် အမြင့်ဆုံးရည်မှန်းချက်သို့ ရောက်ရှိရန် အတွက် တစ်တောင်ပြီးတစ်တောင်တက်နေရသည်။ တစ်တောင်ဆုံးလို့ ကြည့်လိုက်ပြန်တော့လည်း နောက်တစ်လုံးကကျန်နေသေးသည်။ ဒီလိုနှင့်ကြိုးစားပြီးလျှောက်လှမ်းရသည်။ ရည်မှန်းချက်သို့ရောက် အောင်လျှောက်ရသည်မှာပင်ပန်းသည်။ မပင်ပန်းဘဲနှင့်လည်း အောင်မြင်မှုကိုရမည် မဟုတ်ပေ။ ထိုကဗျာတွင်“ခါတလေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီ ဆက်မလှမ်းချင်ဘု၊ ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်မလား။
စခဲ့မိဟာပေါ့၊ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ ဟု ဆရာမငွေတာရီ က နှိုးဆော်သတိပေးထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများအနေဖြင့်လည်း လာမည့်နှစ်မှာ အောင်မြင်ဖို့အတွက် အားသစ် အင်သစ်နဲ့ရည်မှန်းချက်ရောက်အောင်ဆက်လျှောက်ကြပါလို့ စာရေးသူကတိုက်တွန်းပါသည်။ “ပညာမြင့်မှလူမျိုးတင့်မည်” ဆိုသောစကားကို အခြေတည်၍ တိုက်တွန်းရခြင်းပင်ဖြစ်သည်။ ပညာ သည် မိမိတို့ဘဝအတွက် အလွန်ပင်တန်ဖိုးကြီးမားသည့် အရင်းအနှီးဖြစ်သည်။ ပညာအရင်းအနှီး များများစုနိုင်လေ မိမိအနာဂတ်အတွက် အကောင်းဆုံးအသုံးချနိုင်လေဖြစ်သည်။
ကျောင်းသားတိုင်းက ပညာရေးကို ဆုံးခန်းတိုင် အောင်သင်ကြားကြမှ မိမိနိုင်ငံတော်တွင် လူ့စွမ်းအားအရင်းအမြစ်များပေါကြွယ်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံကြီး ဖြစ်လာပေမည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတို့ကို ပညာကသာ အဆုံးအဖြတ်ပေးနိုင်သည်။ ပညာအဆင့်မြင့်လျှင် တိုင်းပြည်တိုးတက်မည်။ နိုင်ငံတစ်နိုင်ငံ၏အနေအထားကို ပညာဖြင့်ဆုံးဖြတ်သကဲ့သို့ လူတစ်ဦးချင်းစီ၏ အနေအထားကိုလည်း ပညာကသာဆုံးဖြတ်မည်ဖြစ်သည်။
သင်မကြိုးစားလျှင် သင်အခွင့်အရေးကောင်းရလိမ့်မည်မဟုတ်ဟု ဆိုထားသည်။ အခွင့်အရေးကောင်း ဆိုသည်မှာ ပညာအရည်အချင်းအလိုက်ရရှိခြင်းဖြစ်ပေရာ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျရှုံးသူများ အနေဖြင့် အားမငယ်ပါနှင့်။
ကျောင်းသားဘဝဆိုသည်မှာအပြေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည်နှင့် ပမာတူလှသည်။ အများနှင့်ယှဉ်ပြိုင်မပြေးနိုင်လျှင် မိမိသည်အများ၏ နောက်မှာ ကျန်ခဲ့မည်သာဖြစ်သည်။ တစ်ကြိမ်လဲ ကျရုံမျှနှင့် အလွယ်တကူအရှုံးပေးလိုက်ရန်မဟုတ်။ နောက်တစ်ကြိမ်ပြန်ထ၍ အားမာန်အပြည့်ဖြင့် ဆက်လက်ပြိုင်ပွဲဝင်ရန်ပင်ဖြစ်သည်။ သို့မှသာ ပန်းတိုင် ကို လှမ်းကိုင်နိုင်မည့်အခွင့်အလမ်းအား အခြားသူများနည်းတူရရှိနိုင်မည်ဖြစ်သည်။အောင်မြင်သူများကို အားကျသည့်စိတ်ဖြင့် နမူနာယူကာ အောင်မြင်အောင်ကြိုးစားကြရမည်ဖြစ်သည်။
လူငယ်ဘဝဆိုသည်မှာ အချိန်အကန့်အသတ်ဖြင့်သာနေကြရသည်။ မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်ဆိုသကဲ့သို့ ပညာသင်ယူခွင့်ရရှိနေချိန်တွင် ကြိုးစားကြရမည်ဖြစ်သည်။ မိုးလွန်မှထွန်ချဆိုသလို ကြိုးစားမှုနောက်ကျခဲ့သော် အချည်းနှီးသာဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍကို အထူးအားပေးမြှင့်တင်နေချိန်တွင် မိမိသည်လည်း မြှင့်တင်ခံရသူအဖြစ် နေရာယူစေချင်သည်။ ပညာသင်ရမည့်အရွယ်တွင် အကောင်းဆုံး ထားရှိရမည်မှာ စာမေးပွဲအောင်မြင်ရေးသာဖြစ်သည်။ ကျောင်းသားများအနေဖြင့် မိမိတို့ဘဝ တိုးတက် လမ်းကိုသိရှိကြသလို တိုးတက်လမ်းကို အနှောင့်အယှက်ပြုနိုင်သည့် အရာများကိုလည်း ဖယ်ရှားနိုင်ရ မည်ဖြစ်သည်။ ကျောင်းနေအရွယ်တွင် ကွမ်းယာ၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါး စသည်များကို အထူးရှောင်ရှားရမည်ဖြစ်သလို အချည်းနှီးအချိန်ကုန်စေသည့်ဂိမ်းကစားခြင်း၊ အချိန်ကုန်ရုံမျှမက အကျိုးမဲ့စေသည့် လောင်းကစားခြင်းမျိုးကိုလည်း အထူးရှောင်ရှားသင့်သည်။ ကျောင်းသားနှင့် မအပ်စပ် သည့် အကြောင်းခြင်းရာများတွင် ဝေလေလေလိုက်ပါ၍ တွေဝေမိန်းမောကာ စိတ်လေလွင့်မှုမရှိအောင် လည်း သတိပြုနေထိုင်ကြရမည်ဖြစ်သည်။ ဤသို့လျှင် အရှုံးမှသင်ခန်းစာဖော်ထုတ်၍ အောင်မြင်မှု လမ်းကြောင်းကို တည့်မတ်စွာထိန်းကျောင်းနိုင်ရမည်ဖြစ်သည်။
အောင်မြင်သူများအနေဖြင့်ဆက်လက်၍အောင်မြင်မှုလမ်းကြောင်းမှာ အောင်မြင်စွာလျှောက် လှမ်းနိုင် ကြပါစေ။ ကျရှုံးသူများအနေဖြင့်လည်း ကျရှုံးမှုကို အောင်မြင်မှုဖြင့်အနိုင်ယူနိုင်ကြပါစေ။ မိဘများအနေ ဖြင့် အောင်မြင်မှုကို ဝမ်းသာအားရပီတိဖြစ်နေကြသလို ကျရှုံးသူများအတွက်လည်း အားပေးနှစ်သိမ့် ပေးစေချင်သည်။ မိမိသားသမီးအတွက် အားတက်ဖွယ်စကားများ ပြောကြားခြင်း၊ ထပ်မံ၍ အခြေအနေ ကောင်းများ ဖန်တီးပေးခြင်းတို့ဖြင့် စိတ်ခွန်အားဖြစ်စေချင်သည်။ နေမင်းကြီး နှင့်လွဲ၍ ဝမ်းနည်းနေခြင်း မျိုးမဖြစ်စေဘဲ လမင်းကြီးနှင့် ထပ်မံဆုံတွေ့နိုင်အောင် ကြိုးစားအားထုတ် ခြင်းဖြင့် အချိန်ကောင်း အခါကောင်းများကို ဖမ်းဆုပ်နိုင်ရန် အသင့်ရှိ နေကြစေချင်သည်။
စာရေးသူအနေဖြင့်ကျောင်းသားဟူသောအသုံးအနှုန်းသုံးထားခြင်းမှာ ကျောင်းသားဟူသောစကားရပ်တွင် ကျောင်းသူများလည်းပါဝင်ပြီးဖြစ်၍ သုံးနှုန်းရခြင်းဖြစ်သည်။ ဆရာဟူသောစကားရပ်တွင်လည်း ဆရာမများပါဝင်ပြီးဖြစ်သောကြောင့် “မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း” ဆိုသော ဆောင်ပုဒ် ကိုလက်ကိုင်ပြုကာ ကြိုးစားကြရမည်ဖြစ်သည်။ အောင်မြင်သူ၊ကျရှုံးသူ ကျောင်းသားများအားလုံး အနေဖြင့် မူတစ်သွင်အားအင်သစ်လိုက်ပါ့ ချစ်စရာ့တို့ကျောင်းသားများအဖြစ် အနာဂတ်လှပအောင် လျှောက် လှမ်းကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။