ကိုဗစ်-၁၉ ရောဂါကိုခုခံနိုင်သည့် အသက်ရှူလမ်းကြောင်း သန့်စင်စေမည့် အစားအစာများ

Posted_Date

Image

ကိုဗစ်-၁၉ ရောဂါကိုခုခံနိုင်သည့် အသက်ရှူလမ်းကြောင်း သန့်စင်စေမည့် အစားအစာများ

Body

လက်ရှိကူးစက်နေသည့်    ကိုဗစ်-၁၉ ရောဂါမျိုးကွဲများမှာ     ယခင်နှစ်များက ကူးစက်ပျံ့နှံ့ခဲ့သည့် အိုမီခရွန် (Omicron) အုပ်စုမှ ဗီဇပြောင်းလာခြင်းဖြစ်ပြီး JN.1 အုပ်စုနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာသည့် XEC မျိုးကွဲတို့ဖြစ်သည်။ ကံကောင်းသည်ဟုဆိုရမည့်အချက်မှာ  ထိုမျိုးကွဲ၏ ရောဂါကူးစက်ပုံသည်    အသက်ရှူလမ်းကြောင်းအထက်ပိုင်းဖြစ်သည့် နှာခေါင်း၊ လည်ချောင်း၊    ပါးစပ်၊   အာခေါင်တို့ကို အဓိက  တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ရောဂါပြင်းထန်မှုကို လျော့နည်းစေသဖြင့် ထိုရောဂါကြောင့် သေဆုံးမှုကို နည်းပါးစေသည်။ ယခင်ကူးစက်ပျံ့နှံ့ခဲ့သော  ဒယ်လ်တာမျိုးကွဲ၏ကူးစက်ပုံမှာ အသက်ရှူလမ်းကြောင်း    အောက်ပိုင်းဖြစ်သည့် အဆုတ်ကို ဦးတည်ပြီး တိုက်ခိုက်ခြင်းဖြစ်သောကြောင့်အဆုတ်ရောင်ရောဂါနှင့် နမိုးနီးယား (ခေါ်) အဆုတ်ပြည်တည်နာရောဂါတို့ကို    ဖြစ်ပွားစေသည့်အတွက်  ရောဂါပြင်းထန်ပြီး သေဆုံးမှုလည်း  များပြားရခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ  ထိုမျိုးကွဲသစ်များသည် ရောဂါပြင်းထန်မှုကို လျော့နည်းစေသော်လည်း ကူးစက်မှုကို မြန်ဆန်စေခြင်း၊ ယခုနှစ် မြန်မာနိုင်ငံ၏  ရာသီဥတုသည်   ယခင်နှစ်ကထက်   မုတ်သုံကာလ ၁၀  ရက်စောဝင်ခြင်းနှင့် လက်ရှိရာသီဥတု အခြေအနေမှာလည်း  ယခင်နှစ်ကထက် မိုးရေချိန်လက်မ  နှစ်ဆပိုနေခြင်း၊   မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလပတ်လုံး မိုးများမည်ဖြစ်ရာ   ကိုဗစ်-၁၉   ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝ အရ အေး၍စိုစွတ်သောရာသီတွင်အင်အားကောင်းတတ်ခြင်း၊ယခုအခါ  အခြေခံပညာကျောင်းများ  ကျောင်းဖွင့်ရာသီနှင့်  တိုက်ဆိုင်နေခြင်းတို့ကြောင့်  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာမည့်အရေး အထူးသတိထား ရမည်ဖြစ်ပေသည်။

အကယ်၍ ကိုယ်ခံအားနည်းသူများနှင့် နာတာရှည်ရောဂါရှိသူများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်လျှင် ရုတ်တရက်သွေးအတွင်း အောက်ဆီဂျင်ကျသည့် အခြေအနေများ ရှိလာတတ်သည့်သာဓကများစွာ ကြုံခဲ့ဖူး ပြီးဖြစ်သည်။    အထူးသတိထားရမည့် အချက်မှာ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို   ကမ္ဘာ့ကပ်ရောဂါအဖြစ်  သတ်မှတ်ထားခြင်းမရှိတော့ဘဲ    ဒေသတွင်း  ပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့်  ရောဂါအဖြစ်သာ  သတ်မှတ်ထားခြင်းကလည်း  ယင်းရောဂါကိုခုခံနိုင်ရန် လူသားတို့၏ နေ့စဉ်ဘဝတွင် လည်းကောင်း၊   ဘဝတစ်သက်တာလုံး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက်လည်းကောင်း     အသက်ရှူလမ်းကြောင်း သန့်စင်ရေးအခန်းကဏ္ဍမှာ   ရာနှုန်းပြည့် အရေးပါလှသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကို ခုခံနိုင် သည့် မှန်ကန်သောဘဝနေထိုင်မှုပုံစံများ နှင့် အသက်ရှူလမ်းကြောင်း သန့်စင်စေရန် တစ်ဖက်တစ်လမ်းမှပံ့ပိုးပေးနိုင်မည့် အစားအစာများအကြောင်းကို အကြံပြုရေးသား လိုပါသည်။

အဆုတ်ကျန်းမာရေး အလေးထားပေး လူ့ခန္ဓာကိုယ်၏အဆုတ်တွင် လေအိတ် ငယ်များ   ၇   မီလီယံခန့်ပါရှိသည်။ ထိုလေအိတ်ငယ်များကိုသေးငယ်သည့် လေပြွန်လေးများဖြင့် စပျစ်သီးခိုင်ကဲ့သို့  ဆက်သွယ်ထားသည်။      ထိုလေအိတ်ပတ်ဝန်းကျင်တွင် သေးငယ်သော ဆံခြည်မျှင်သွေးကြောများဖြင့် ဝန်းရံထားသည်။ 

ခန္ဓာကိုယ်ကလိုအပ်သော အောက်ဆီဂျင်ကို ထိုနေရာမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ အရောက်ပို့ပေးသည်။ တစ်နည်းဆိုသော်  ပတ်ဝန်းကျင်မှ  သန့်ရှင်းသောအောက်ဆီဂျင်ကို  နှာခေါင်းမှရှူသွင်းပြီး   ထိုရှူသွင်းလိုက်သော  အောက်ဆီဂျင်ကို အဆုတ်ကလက်ခံပြီးနောက်  နှလုံးသွေးမှတစ်ဆင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့  ဖြန့်ဝေပေးသောအလုပ်ကို မရပ်မနားလုပ်နေရသည်။ ထို့ကြောင့် အဆုတ်ကျန်းမာရေး၊    အဆုတ်အား ကောင်းရေးကို   အထူးဂရုစိုက်ရန် လိုအပ်သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သူများ၏ ပြဿနာမှာ  ဆံခြည်မျှင်သွေးကြောများ ပိတ်ခြင်းကြောင့်ဖြစ်သည်။ လေအိတ်ပြွန် ငယ်များက  ချွဲနှင့်ပိတ်သွားကာ   ထိုပိတ်နေသော အရွယ်အစားပေါ်မူတည်ပြီး လေအဝင် အထွက်နှင့် အောက်ဆီဂျင်များ ခန္ဓကိုယ်ထဲရောက်သည့် ပမာဏမှာလည်း ကွာခြားသွားသည်။  အောက်ဆီဂျင်ကျခြင်း ဆိုသည်မှာ ချွဲ သလိပ်များ ပိတ်ဆို့နေသော ပမာဏများ၍ဖြစ်သည်။   ထို့ကြောင့်   အဆုတ်အားကောင်းစေရန်နှင့်  အသက်ရှူလမ်းကြောင်းတွင်    တွယ်ကပ်နေသော ချွဲသလိပ်များနှင့်    အမှုန်အမွှားများကို   ဖယ်ရှားနိုင်ရန် အသက်ရှူလေ့ကျင့်ခန်းကို မကြာခဏပြုလုပ်ပေးသင့်သည်။

အသက်ရှူလမ်းကြောင်း သန့်ရှင်းစေမည့် အစားအစာများကိုဗစ်-၁၉ ရောဂါပိုးသည်   မျက်စိ၊ နှာခေါင်း၊   ပါးစပ်တို့မှ  အသက်ရှူလမ်း ကြောင်းသို့  ဝင်ရောက်ခြင်းဖြစ်ပြီး ယင်းနောက်  ဗိုင်းရပ်စ်ပိုးသည်  တခြားသော ဗက်တီးရီးယားများထက် အဆ ၅၀ မှ ၂၀၀ အထိ  သေးငယ်သော်လည်း   ယင်းပိုး၏ ခန္ဓာကိုယ်တွင်     ဆူးချွန်များပါရှိသဖြင့် ထိုဆူးဖြင့်ချိတ်မိသော နေရာတွင် အလွယ်တကူ   ကပ်တွယ်ငြိသွားကြသည်။   

အသက်ရှူလမ်းကြောင်းသို့ဝင်လာသော      ဗိုင်းရပ်စ်ပိုး၏      အဓိကဦးတည်ချက်မှာ အဆုတ်ကို တိုက်ခိုက်ရန်ဖြစ်ပြီး အဆုတ်ထဲသို့မရောက်မီ      အနံ့ခံဆဲလ်များကို ဖျက်ဆီးပစ်လိုက်သည်။

ထို့ကြောင့် ဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ရှင်သန်ရာ  အသက်ရှူလမ်းကြောင်းတစ် လျှောက်နှင့်   အဆုတ်ကိုကာကွယ်သည့် အနေဖြင့် Mask ကို လုံခြုံစွာတပ်ဆင်၍ ကာကွယ်ထားရခြင်းဖြစ်သည်။ထိုမျှမက အောက် ဖော်ပြပါ      အစားအစာများက အသက်ရှူလမ်းကြောင်းနှင့်    အဆုတ်ကျန်းမာရေးအတွက်  များစွာအထောက်အကူပြုနိုင်သည်။

-   ငရုတ်သီး၊  ငရုတ်ကောင်းတို့၏ အပူဓာတ်က  သွေးလည်ပတ်စီးဆင်းမှုကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးများဝင်ရောက်ခြင်းကို    တိုက်ထုတ်ပေးသည်။ ထို့ပြင် လည်ချောင်းနာနှင့် ချောင်းဆိုးခြင်းတို့ကို လည်း သက်သာပျောက်ကင်း စေသည်။

- ဂရိတ်ဖရုသီး(ခေါ်) ရှောက်ခါးသီးက ကင်ဆာဖြစ်စေသော    အင်ဇိုင်းကို   ဟန့်တားပေးသည်။ ယင်းအသီးက ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်း အဆုတ်သန့်ရှင်းရေးအတွက် အထူးကောင်းမွန်သည်။

- နာနတ်သီးထဲတွင်ပါရှိသော သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက အသက်ရှူလမ်းကြောင်းကို   တိုးတက်ကောင်းမွန်စေသည်။ 

- နံနက်စာစားပြီးနောက်ပိုင်းနှင့်  နေ့လယ်စာမစားမီ ကြားကာလတွင်  မုန်လာဥနီဖျော်ရည် ၃၀၀ မီလီလီတာ သောက်ပေးသင့်သည်။   မုန်လာဥနီက   အဆုတ်သွေးကြောထဲရှိ သွေးများကို  အယ်လ်ကာလီဓာတ်ပြုစေပြီး  အဆုတ်ကိုသန့်စင်စေသည်။

- ရွှေဖရုံသီးကလည်း မုန်လာဥနီကဲ့သို့ပင်  အဆုတ်ကျန်းမာရေးအတွက်  အကျိုးအာနိသင်ပြည့်ဝသော အသီးတစ်မျိုးဖြစ်သည်။

- ပိုတက်ဆီယမ်က အဆိပ်အတောက်များကို ပြေစေသောအစွမ်းရှိသဖြင့် ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝသော တရုတ်နံနံ၊  ဟင်းနုနယ်နှင့်  ငှက်ပျောသီးစားပေး သင့်သည်။   ယင်းတို့က  အဆုတ်သန့်စင်စေရုံမျှမက အစာကိုလည်း ကျေညက်စေသည်။

- ဘလူးဘယ်ရီသီးတွင် ပါရှိသော အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများက  အဆုတ်ရောဂါ ဗက်တီးရီးယားပိုးများကို တိုက်ထုတ်နိုင်စွမ်း ရှိသည့်အတွက် ညအိပ်ရာမဝင်မီ   ဘလူးဘယ်ရီသီး     သို့မဟုတ်    ဘယ်ရီသီးတစ်မျိုးမျိုး စားပေးသင့်သည်။

- ပန်းငရုတ်ပွသီး (ခေါ်) ငရုတ်ချိုများက  အဆုတ်ကိုကောင်းမွန်စေပြီး အဆုတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျစေသည်။

- လိမ္မော်သီးက  အဆုတ်အတွက် အောက်ဆီဂျင်စုပ်ယူရာတွင်  အကူအညီပေးသည့် အတွက် လိမ္မော်သီး စားပေးသင့် သည်။

- အစိမ်းရောင်ပဲသီးအမျိုးမျိုး၊ ပဲစေ့နှင့် အခွံမာသီးများက အဆုတ်ကိုကောင်းမွန် စွာ အလုပ်လုပ်နိုင်စေရန် လိုအပ်နေသော မဂ္ဂနီစီယမ်နှင့်   သတ္တုဓာတ်များကို  အားဖြည့်ပေးသည်။

- ပန်းသီးကို   တစ်နေ့တစ်လုံး  စားပေးခြင်းဖြင့်  ပိုမိုကျန်းမာသော အဆုတ်ကို ပိုင်ဆိုင်စေနိုင်သည်။

- နနွင်းနှင့်  ချင်းတို့တွင်   ရောင်ရမ်းမှုကို  လျော့ကျစေသောသတ္တိပါဝင်ပြီး  အဆုတ်မှ  ညစ်ညမ်းမှုများကို ဖယ်ထုတ်ပေးသည်။

- တလည်းသီးထဲတွင်     အဲလက်ဂျစ်အက်စစ်နှင့်  ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါရှိ၍  အဆုတ်အကြိတ်ဖြစ်ပွားမှုကို လျှော့ချပေးသည်။

- အစိမ်းရောင် ဟင်းသီးဟင်းရွက်များဖြစ်သော  ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်များမှာ သွေးဆဲလ်အသစ်များ တည်ဆောက်ပေးနိုင်သော ကလိုရိုဖီးလ်အပြည့်အဝပါဝင်ပြီး အဆုတ်အတွင်းရှိ သွေးများကို သန့်စင်စေသည်။

- ကြက်သွန်ဖြူနှင့် ကြက်သွန်နီ၊ ဂျူး ဖူး၊    ကြက်သွန်မြိတ်တို့က  အသက်ရှူလမ်းကြောင်းဆိုင်ရာ အင်္ဂါအဖွဲ့အစည်းကို လွန်စွာကောင်းကျိုးပြုသည်။      နှလုံးနှင့် အဆုတ်အတွက်    အထူးကောင်းမွန်စေသည်။

- သန့်ရှင်းသော သောက်ရေကို များများသောက်ပါ။ သန့်ရှင်းစင်ကြယ်သောရေက အဆုတ်၏ရေဓာတ်ကို  ထိန်းသိမ်းပေးပြီး ချွဲ သလိပ်၊ နှပ်၊ နှာရည် စသည့် စွန့်ပစ်ပစ္စည်းများကို အလွယ်တကူ ယိုစိမ့်ထွက်ရှိလာပြီး အဆုတ်ကို သန့်စေသည်။

- သခွားမွှေးသီး၊ စပျစ်သီး၊ စပျစ်သီး ဖျော်ရည်၊    စပျစ်ဝိုင်သောက်ခြင်းဖြင့် အဆုတ်ကို အားကောင်းစေသည်။

အချုပ်အားဖြင့်ဆိုသော်   ရောဂါမဖြစ် အောင် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်  သာလွန်ကောင်းမွန်၏ဟူသော ကျန်းမာရေးဆောင်ပုဒ်နှင့် အညီ ကိုဗစ်-၁၉ရောဂါကို ကျန်းမာရေးဝန်ကြီးဌာနမှ သတိပေး နှိုးဆော်ချက်များ အတိုင်း ပြည်သူလူထုတစ်ရပ်လုံးက  ကျန်းမာရေးအသိ၊ သတိတရားတို့ဖြင့် လိုက်နာကြစေ လိုပါကြောင်းနှင့်    ယခုကဲ့သို့    ကာလအတွင်း  အသက်ရှူလမ်းကြောင်း သန့်စင်စေမည့်   အစားအစာ များကို  ရွေးချယ်စားသုံးရင်း  သက်ရှည်ကျန်းမာ ကြပါစေလိုကြောင်း ရေးသားလိုက်ရပါသည်။

MWD Web Portal