ကျောင်းစာမေးပွဲများမှ ဘဝစာမေးပွဲများသို့

Posted_Date

Image

ကျောင်းစာမေးပွဲများမှ ဘဝစာမေးပွဲများသို့

Body

လူသားတို့သည် မိမိဘဝတွင် ကြုံတွေ့ရသော ဘဝအခက်အခဲစိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်းကျော်လွှားကြရသည်။  ရင်ဆိုင်ဖြေရှင်းကျော်လွှား နိုင်သူသည် ဘဝအောင်မြင်မှု ပန်းတိုင်တစ်ခုကို တက်လှမ်းခွင့်ရသည်။

စင်စစ်မူ  ထိုရင်ဆိုင်ဖြေရှင်းရသောဘဝအခက်အခဲများသည်  ဘဝစာမေးပွဲများဖြစ်သည်။ ဘဝအောင်မြင်မှုပန်းတိုင်တစ်ခုကို တက်လှမ်းနိုင်သူသည် ဘဝစာမေးပွဲတစ်ခု အောင်မြင်ခြင်းဖြစ်သည်။ ဘဝစာမေးပွဲဟူသည်   လူ့ဘဝတစ်လျှောက်တွင်   အမြဲကြုံတွေ့ရမည့် အခက်အခဲ စိန်ခေါ်မှုများဖြစ်သည်။ စာမေးပွဲသည် ကျွန်တော်တို့ ငယ်စဉ်ကတည်းက ကျောင်းတွင်ကြုံတွေ့ရသော အတွေ့အကြုံများဖြစ်သည်။ ငယ်စဉ်ဘဝ ကျောင်းနေစဉ်ကာလတွင် အတန်းစာမေးပွဲများကို ဖြေဆိုခဲ့ကြရသည် မဟုတ်ပါလား။ သို့ဆိုလျှင် စာမေးပွဲများကို ဖြေဆိုမှုမပြုလုပ်သင့်သည်၊ ပြုလုပ်သင့်သည်ဟူသော အချက်သည် စဉ်းစားစရာဖြစ်လာသည်။

ကျွန်တော်တို့သည်  ကျောင်းသားဘဝတွင်  ကျောင်းစာမေးပွဲများကို တစ်တန်းပြီးတစ်တန်း၊ တစ်နှစ်ပြီးတစ်နှစ်ဖြေဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းအောင်မြင်လာခဲ့ကြသည်။ လုပ်ငန်းခွင် ဝင်ရောက်ရာတွင်လည်း ဝန်ထမ်းရွေးချယ်ရေး အလုပ်စာမေးပွဲများ၊ အင်တာဗျူးများကို စာတွေ့လူတွေ့ဖြေဆိုပြီး  အောင်မြင်မှုကိုရယူခဲ့ကြသည်။  တစ်ဖန်စာမေးပွဲများသည်  ရပ်တန့်ပြီးဆုံးသွားခြင်းမရှိဘဲ  ရာထူးတိုးမြှင့်စာမေးပွဲများကို အဆင့်ဆင့် ဆက်လက် ဖြေဆို၍  တစ်ဆင့်ထက်တစ်ဆင့်မြင့်သော ရာထူးနေရာများကို တက်လှမ်းခဲ့ကြသည်။ ယနေ့မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာတစ်ဝန်း၌ စာမေးပွဲစစ်ဆေးခြင်းသည် ကောင်းသည်၊ မကောင်းသည်၊ လိုသည်၊ မလိုသည်ကို ဆွေးနွေးငြင်းခုံလာကြသည်။

စာမေးပွဲသည် အလွတ်ကျက်မှတ်မှုကိုသာအားပေး၍ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ကျဆင်းစေသည်ဟု ယူဆကြသူများလည်း ရှိသည်။ ထိုအချက်သည် အလုံးစုံမှန်ကန်မှုရှိ၊ မရှိ စဉ်းစားရန် လိုအပ်လာပြီဖြစ်သည်။

စာမေးပွဲစစ်ဆေးမှု၏ရည်ရွယ်ချက်မှာ သက်ဆိုင်ရာ ဘာသာရပ်တစ်ခု၊ နယ်ပယ်တစ်ခုတွင်ရှိရမည့် ကျွမ်းကျင်မှုကို စစ်ဆေးရန်သာမက ယင်းဘာသာရပ်၊ နယ်ပယ်အပေါ်တွင် အသိပညာနှင့် နားလည်မှုမည်မျှရှိသည်ကို စစ်ဆေးအကဲဖြတ်ရန်လည်းဖြစ်သည်။ ကျောင်းသားတစ်ဦး၏ ပညာရည်ကို တိုင်းတာစစ်ဆေး အကဲဖြတ်ရာတွင် စာမေးပွဲထက်ကောင်းသော စစ်ဆေးမှုမရှိသေးချေ။ စာမေးပွဲစစ်ဆေးမှုတွင် ရေးဖြေသာမက နှုတ်ဖြေစစ်ဆေးခြင်း၊ လုပ်ငန်းအတွေ့အကြုံ လက်တွေ့စမ်းသပ်ခြင်းတို့လည်းပါဝင်သည်။ ကျောင်းသားတစ်ဦးသည် သက်ဆိုင်ရာဘာသာရပ်တွင် တတ်သိမှု၊ ထူးချွန်မှုတို့ မည်မျှရှိသည်ကို စာမေးပွဲစစ်ဆေး

အမှတ်ပေး၍ အကဲဖြတ်ခြင်းဖြင့်သာ စစ်ဆေးခြင်းသည် အကောင်းဆုံး မှတ်ကျောက်တင်မှုဖြစ်သည်။  စင်စစ်အားဖြင့်  ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးဆိုင်ရာ တိုးတက်မှု၊  စွမ်းရည်နှင့် အရည်အချင်းများကို စာမေးပွဲစစ်ဆေးခြင်းဖြင့် အတည်ပြုနိုင်သည်။ ထို့ကြောင့် ပညာသင်နှစ်တစ်လျှောက် သင်ကြားပို့ချခဲ့သော ဘာသာရပ်အသီးသီး၏ တတ်မြောက်မှုကိုတိုင်းတာရန် လပတ်စာမေးပွဲများ၊ နှစ်ဝက်စာမေးပွဲများ၊ နှစ်ဆုံး စာမေးပွဲများစစ်ဆေး၍ အတည်ပြုဆုံးဖြတ်ရသည်။

ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်း၏ လေ့လာသင်ယူမှတ်သားမှုတွင် အားနည်းချက်၊ အားသာချက်များရှိမည်မှာ   ဧကန်ဖြစ်သည်။ တစ်ဦးချင်းစီ၏ အားနည်းချက်ကို ကြိုတင်သိရှိခြင်းဖြင့် ပြုပြင်ပေးရမည့်အချက်၊ ဖြည့်စွက် ပေးရမည့်အချက်ကို သိရှိနိုင်သည်။ တစ်ဖန်အားသာချက်ကို သိရှိခြင်းဖြင့် ပိုမိုထူးချွန်ထက်မြက်အောင် အားဖြည့်လေ့ကျင့်ပေးနိုင်သည်။ တစ်ဦးချင်းစီ၏ သင်ယူမှုအားနည်းချက်၊ အားသာချက်တို့ကို ပညာသင် ကာလတစ်လျှောက် ကြိုတင်သိရှိနိုင်မည့် နည်းလမ်းသည်

စာမေးပွဲစစ်ဆေးခြင်းပင်ဖြစ်သည်။ ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူမှတ်သားနိုင်မှု စွမ်းရည်ကို ယှဉ်ပြိုင်အကဲဖြတ်ရာတွင်လည်း စာမေးပွဲစစ်ဆေးခြင်းသည်  အနီးစပ်ဆုံးမှန်ကန်မှုကို ပေးနိုင်သည်။  ထို့ပြင် တစ်ဦးချင်း စီ၏ စွမ်းရည်ပိုမိုတိုးတက်မှုအတွက်စစ်မှန်သောယှဉ်ပြိုင်လိုစိတ်ကိုဖြစ်ပေါ် စေသည်။ ထို့ကြောင့် ကျောင်းသားတစ်ဦးချင်းစီ၏ ပညာရပ်ကို ထူးချွန်စွာတတ်မြောက်မှု၊ အားသာရာ ထူးချွန်မှုမှ ဘဝရည်မှန်းချက်ရောက်အောင် လျှောက်လှမ်းနိုင်မှုတို့ကို စာမေးပွဲစစ်ဆေးခြင်းက များစွာ ကူညီပံ့ပိုးပေးသည်။

စာမေးပွဲများသည် ကျောင်းသား၊ ကျောင်းသူများ၏ အလွတ်ကျက်မှတ်မှုကိုသာ အားပေးသည်ဆိုသောအချက်မှာ မမှန်ကန်ပေ။ စာမေးပွဲစစ်ဆေးခြင်းဖြင့်  အလွတ်ကျက်မှတ်မှုသာမက ကျက်မှတ်နားလည်ထားသော အချက်အလက်များကိုအသုံးပြု၍  ပြန်လည်အသုံးချနိုင်မှုအကျိုးဆက်ကိုရစေသည်။  စာမေးပွဲများသည် အချက်အလက်များကို တိုက်ရိုက်ဖြေဆိုရသည့် မေးခွန်းများရှိသကဲ့သို့ အချက်အလက်ကို အခြေခံ၍ စဉ်းစားတွေးခေါ်ဖြေဆိုရသည့် ဉာဏ်ရည်စစ်မေးခွန်းများလည်း ရှိသည်။

ထိုမေးခွန်းမျိုးကိုဖြေဆိုရန် ကျောင်းသား၏ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားတွေးခေါ်နိုင်မှု၊ ယုတ္တိဗေဒဆိုင်ရာ စဉ်းစားဆုံးဖြတ်နိုင်မှုကို အသုံးပြုရသည်။  ထိုသို့စဉ်းစားတွေးခေါ် ဆုံးဖြတ်မှုပြုနိုင်ရန် ဘာသာရပ်ဆိုင်ရာ လေ့လာကျက်မှတ်မှုနှင့် နားလည်သဘောပေါက်မှုများ လိုအပ်သည်။

ထို့ကြောင့် စာမေးပွဲစစ်ဆေးခြင်းသည် ကျောင်းသားတို့၏ မှတ်သားနိုင်မှုဉာဏ်ရည်၊ တွေးခေါ်ထင်မြင်ယူဆချက်တို့ကို မြှင့်တင်ပေးနိုင်သည်။

နိုင်ငံတော်က ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူနိုင်မှုစွမ်းရည်တိုးတက်၍  ဗလငါးတန်နှင့်ပြည့်စုံသော  ထူးချွန်ထက်မြက်သူများပေါ်ထွန်းလာစေရန် လူရည်ချွန်စာမေးပွဲများ ကျင်းပစစ်ဆေး၍ မြှောက်စား မြှင့်တင်လျက်ရှိသည်။  လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများတွင် ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်၍ ထူးချွန်သူများကို ရွေးချယ်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည် ကိုယ်သွေးများ  မြှင့်တင်ခွင့်တံခါးကို ဖွင့်ပေးလျက်ရှိသည်။

ကျောင်းသား၊  ကျောင်းသူများကို  စာမေးပွဲစစ်ဆေးခြင်းသည် အပိုအလုပ်မဟုတ်ဘဲ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းလေ့ကျင့် ပေးလိုက်ခြင်းဖြစ်သည်။  စာမေးပွဲများသည်  ကျောင်းသား၊ ကျောင်းသူများ၏  အရည်အသွေးနှင့်ကျွမ်းကျင်မှုကို ဖော်ထုတ်ပေးနိုင်သည်။

ထို့ကြောင့် ကျောင်းသားဘဝတွင် စာမေးပွဲနှင့် ကင်းကွာ၍မရနိုင်ပေ။

စင်စစ် စာမေးပွဲများသည် ကျောင်းသား၊ ကျောင်းသူများ၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို စစ်ဆေးနိုင်ရုံသာမက  ကျောင်းသား၏ အားနည်းချက်၊  အားသာချက်ကိုပါ ဖော်ထုတ်ပေးနိုင်သည်။ ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲဖြေဆိုလေ့ကျင့်မှုများမှတစ်ဆင့် သဘောတရားဆိုင်ရာအချက်များကိုပါ  ပိုမိုနက်ရှိုင်းစွာသိမြင်လာစေသည်။

ထို့ကြောင့် စာမေးပွဲသည်  ကျောင်းသားလူငယ်များ၏  ပညာရေးဆိုင်ရာ တိုးတက်အောင်မြင်မှုမှ ဘဝတစ်လျှောက်တွင် ကြုံတွေ့ရမည့်အခက်အခဲစိန်ခေါ်မှုများကို   ကိုယ်ပိုင်ဉာဏ်ရည်ဖြင့်  ရင်ဆိုင်ဖြေရှင်းနိုင်သော စွမ်းရည်များအထိရရှိလာမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘဝစာမေးပွဲများကိုပါ  ကောင်းမွန်စွာဖြေဆို အောင်မြင်လာနိုင်မည်ဖြစ်သည်။

ကျွန်တော်တို့နှင့်အတူ ပညာသင်ယူခဲ့ကြသော ငယ်သူငယ်ချင်းများတွင် အချို့သည် ပညာဆုံးခန်းတိုင်အောင် သင်ယူ၍ စာမေးပွဲများစွာကိုဖြေဆိုအောင်မြင်ခဲ့ကြသည်။ ထိုသူတို့သည် မိမိဘဝကို မိမိနည်းမိမိဟန်ဖြင့် ဖန်တီးပုံဖော်နိုင်ကြသည်။  အချို့မှာ  ပညာဆုံးခန်းမတိုင်ဘဲ လက်တွေ့ဘဝထဲသို့ ရောက်ရှိကာ ကြုံသလိုရင်ဆိုင်ရင်း ဘဝကိုလှပစွာ မဖန်တီးနိုင်သူများရှိကြသည်။ အတန်းပညာဆုံးခန်းတိုင် မသင်ခဲ့သော်လည်း ဖြေဆိုခဲ့ဖူးသော စာမေးပွဲအတွေ့အကြုံများမှ ရရှိသော ဉာဏ်ရည်ကို  လက်တွေ့ကျကျကောင်းစွာ အသုံးချနိုင်သဖြင့်  ဘဝအောင်မြင် တိုးတက်သူအချို့လည်း ရှိသည်။ သို့သော် ထိုသူတို့မှာ အရေအတွက်အားဖြင့် လက်ချိုး ရေနိုင်ရုံလောက်သာရှိသည်။ အများစုမှာ စာမေးပွဲများစွာ ဖြေဆိုဖူးသောသူများကသာ  ကြီးမားသောဘဝ အောင်မြင်မှုများ ရရှိသူဦးရေများပေသည်။ 

ထို့ကြောင့် ကျောင်းများက ဖြေဆိုလေ့ကျင့်ပေးလိုက်သော စာမေးပွဲများသည် ဘဝစာမေးပွဲများ ဖြေဆိုအောင်မြင်နိုင်သည်အထိ အကျိုးသက်ရောက်စေသည်မှာ ကျွန်တော်တို့ ကိုယ်တွေ့ဟု ဆိုလိုက်ချင်ပါသည်။    ။

MWD Web Portal