သက်ကြီးသတိမေ့ရောဂါ (Dementia) အကြောင်းသိကောင်းစရာ

Posted_Date

Image

သက်ကြီးသတိမေ့ရောဂါ (Dementia) အကြောင်းသိကောင်းစရာ

Body

သက်ကြီးသတိမေ့ရောဂါသည် ဦးနှောက်နှင့်အာရုံကြောဆဲလ်များ တဖြည်းဖြည်း ပျက်စီးယိုယွင်း လာခြင်းကြောင့်    လုပ်ဆောင်နိုင်စွမ်းလျော့နည်းလာကာ တစ်ပါးသူကို မှီခိုအားထားနေရသည့် အသက် အရွယ်ရလာသည်နှင့်အမျှ      ခံစားရနိုင်သောရောဂါတစ်ခုဖြစ်သည်။

၂၀၂၁ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်၌ လူဦးရေ ၅၇ သန်းသည် သက်ကြီးသတိမေ့ရောဂါခံစားနေကြရပြီး နှစ်စဉ် လူနာသစ် ၁၀ သန်းခန့်ရှိလာ နိုင်ကြောင်း သိရသည်။ များသောအားဖြင့် အသက် ၆၅ နှစ်ကျော်လျှင် ခံစားရနိုင်ပြီး အသက် ၆၅ နှစ်တွင် ရောဂါခံစားရသူမှာ ကမ္ဘာ့လူဦးရေ ၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိသော်လည်း အသက် ၈၅ နှစ်အထက်တွင် ၁၃ ဒသမ ၁ ရာခိုင်နှုန်းအထိ ဖြစ်လာသည်။

မေ့လျော့ခြင်းဆိုင်ရာဝေဒနာများခံစားရခြင်း

အဓိကအားဖြင့် မှတ်ဉာဏ်လျော့နည်းလာသောကြောင့် မကြာမီက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်၊  ပြောစကားများကို  မမှတ်မိတော့ဘဲ ထမင်းစားပြီး၊ မပြီး၊ မည်သည့်ဟင်းနှင့်စားသည်ကိုပင် မမှတ်မိနိုင်ဖြစ် လာတတ်သည်။  မူလကသိရှိပြီးသူများကို   နာမည်ခေါ်ရန်ခက်ခဲခြင်း၊ ပစ္စည်းများ၏ အမည်မမှတ်မိခြင်း၊ မိသားစုဝင်များကို မသိတော့ခြင်းများ ခံစားရတတ်သည်။ အစတွင် မှတ်စုစာအုပ်များ၌ မှတ်သားထားခြင်းဖြင့်  သတိပြန်ရရန် ကြိုးစားလုပ်ဆောင်နိုင်ခဲ့သော်လည်း အချိန်ကြာလာ သည်နှင့်အမျှ မေ့လျော့မှုမှာ ပို၍သိသာထင်ရှားလာသည်။ ပစ္စည်းများကို ပုံမှန်မဟုတ်သောနေရာများတွင်ထားမိပြီး    ရှာမတွေ့ဖြစ်တတ်ကာ အနီးကပ်နေသူ မိသားစုဝင်များက   ခိုးယူသည်ဟု  ထင်မိတတ်သည်။  ထို့ပြင်  နေ့ရက်များမမှတ်မိတော့ခြင်း၊   မိမိရောက်နေသည့်နေရာကို မသိတော့ခြင်း၊ လမ်းများမမှတ်မိခြင်းတို့ ဖြစ်လာနိုင်သည်။ 

တွေးခေါ်မြော်မြင်ခြင်း၊ စီမံခန့်ခွဲခြင်းတို့တွင် အခက်အခဲဖြစ်လာသောကြောင့် ခက်ခဲရှုပ်ထွေးသော အလုပ်များကို လုပ်ဆောင်နိုင်ရန် မလွယ်တော့သည့်အပြင်  နေ့စဉ်ပုံမှန်ကိစ္စများပင်  မဆောင်ရွက်နိုင်တော့ပေ။

စဉ်းစားဆုံးဖြတ်နိုင်စွမ်းနည်းလာသဖြင့်  ပြဿနာများကို  ကောင်းစွာ မဖြေရှင်းနိုင်ဖြစ်လာသည်သာမက  ဆုံးဖြတ်ချက်အမှားများကိုလည်း ချမိလာကြသည်။ ဟင်းချက်ရာတွင် အရသာမမှန်ခြင်း၊ ငွေကြေးစီမံရန် ခက်ခဲလာခြင်းနှင့်  သောက်ရန်ဆေးများ မရွေးချယ်နိုင်ခြင်းတို့ ဖြစ်လာ တတ်သည်။ မိမိ၏တစ်ကိုယ်ရေ သန့်ရှင်းရေးကိုလည်း ဂရုစိုက်မှုနည်း လာသည်။ စကားပြောရာတွင် ပြောရမည့်စကားလုံးများ ရွေးချယ်ရန် ခက်ခဲလာပြီး စကားအမှားများပြောမိတတ်သောကြောင့် လူမှုဆက်ဆံ ရေးတွင် အဆင်မပြေဖြစ်လာတတ်သည်။

စိတ်ပိုင်းဆိုင်ရာခံစားရမှုများ ပြောင်းလဲလာခြင်း

မှတ်ဉာဏ်နှင့် ဦးနှောက်စွမ်းရည်လုပ်ဆောင်မှုများ အားနည်းလာခြင်း နှင့်အတူ  စိတ်ပိုင်းဆိုင်ရာ ခံစားသိမြင်မှုများ ပြောင်းလဲလာကြသည်။ ရုတ်တရက်စိတ်တိုလွယ်ခြင်း၊ စိတ်အလိုမကျဖြစ်ခြင်း၊ ဝမ်းနည်းလွယ် ခြင်းများ ခံစားရတတ်သကဲ့သို့ မိမိနှင့်မိသားစုဝင်များ ဘေးရန်ရောက် မည်ကို လွန်ကဲစွာစိုးရိမ်ပူပန်ခြင်း၊ စိတ်သောကများ၍ စိတ်ဓာတ်ကျ ခြင်းများ   ခံစားရတတ်သည်။ ထို့ပြင် မကြာခဏအထင်အမြင်မှားမှု များကြောင့် မိမိအိမ်တွင်း လူဝင်နေခြင်း၊ သူခိုးဝင်ခြင်းရှိသည်ဟု ထင်မိ သည်သာမက မိမိပိုင်ပစ္စည်းများခိုးယူနေသည်၊ မိမိအစားအသောက် များတွင် အဆိပ်ခတ်သည်ဟုလည်း ယူဆတတ်သည်။ မိသားစုဝင်များကို မကြာခဏအပြစ်ရှာဆူပူနေတတ်ပြီး တစ်ခါတစ်ရံ အလွန်အမင်းဒေါသ ထွက်၍ ပတ်ဝန်းကျင်ရှိလူများကို ကြမ်းတမ်းစွာဆက်ဆံတတ်သည်။ မိမိစိတ်ကိုမထိန်းနိုင်ဘဲ နေအိမ်မှ ခြေဦးတည့်ရာလျှောက်သွား၍ ပြန်ရန် နေရာမမှတ်မိဘဲ ဖြစ်တတ်သည်။

လုပ်ဆောင်နိုင်စွမ်းရည်နှင့် လူမှုဆက်ဆံရေးအားနည်းလာခြင်း

တချို့သောရောဂါခံစားရသူများတွင် အချိန်ကြာလာသည်နှင့်အမျှ လှုပ်ရှားသွားလာရန်၊ ဟန်ချက်ထိန်းရန် ခက်ခဲလာပြီး ဆီး၊ ဝမ်းမထိန်းနိုင်ဘဲ အလိုအလျောက်ထွက်ကျတတ်သဖြင့် လူအများကြားသွားရန် အဆင် မပြေဖြစ်လာတတ်သည်။ တစ်ကိုယ်ရေတစ်ကာယ လုပ်ဆောင်မှုများဖြစ်သော စားသောက်ခြင်း၊ ရေချိုးခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်းတို့ကို ပင်  မိမိကိုယ်တိုင်မပြုလုပ်နိုင်ဘဲ တခြားကူညီမည့်သူကို မှီခိုလာကြသည်။ ညဘက်တွင် ကောင်းစွာအိပ်မပျော်ဘဲ နေ့၊ ညအိပ်ချိန်လွဲခြင်း၊ အိပ်မက် ဆိုးများမက်ခြင်းကြောင့်    လူရောစိတ်ပါ မလန်းဆန်းဖြစ်လာရသည်။ ထိုအချက်များကြောင့်ပင် လူစုလူဝေး အဖွဲ့အစည်းလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လိုစိတ် နည်းလာပြီး အိမ်တွင်း၌သာ အနေများလာသည်။ ပြုစုစောင့်ရှောက်မည့်သူများ အပေါ်တွင် ပို၍မှီခိုအားထားလာကြသည်။

သက်ကြီးသတိမေ့ရောဂါအမျိုးအစားများ

သက်ကြီးသတိမေ့ရောဂါတွင် ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော ပရိုတင်းဓာတ်များစုပုံလာမှုကြောင့်    အာရုံကြောဆဲလ်များ    ပျက်စီးသေဆုံးခြင်းနှင့်အတူ အာရုံကြောကွန်ရက်များ ဆက်သွယ်ဆောင်ရွက် နိုင်မှုအားနည်းလာကြသည်။ သက်ရောက်သည့် ဦးနှောက်၏နေရာကို လိုက်၍လည်းကောင်း၊ စုပုံလာသော ပရိုတင်းအမျိုးအစားပေါ်မူတည်၍ လည်းကောင်း၊ ဖြစ်ရသောအကြောင်းရင်း ပေါ်မူတည်၍ လည်းကောင်း ရောဂါအမျိုးအစားများကွဲပြားကြသည်။    မျိုးရိုးဗီဇပုံမမှန်မှုများကို ဆက်ခံရခြင်းကြောင့်လည်း ဖြစ်ရကြောင်းတွေ့ရသည်။

Alzheimer’s Disease

Dementia လူနာ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းမှာ  အယ်လ် ဇိုင်းမားရောဂါဖြစ်ပြီး    မျိုးရိုးဗီဇဆက်ခံမှုနှင့်  ဆက်စပ်မှုရှိကြောင်း တွေ့ရသည်။ ပုံမှန်မဟုတ်သောပရိုတင်းများ၊  အမျှင်များ  (Amyloid Plaques နှင့် Tau Tangles)   ဦးနှောက်အတွင်းစုပုံလာခြင်းကြောင့် အာရုံကြောဆဲလ်များ၏ လုပ်ငန်းဆောင်ရွက်မှုများပျက်စီးကာ အချိန်ကြာလာသည်နှင့်အမျှ အာရုံကြောဆဲလ်များ သေဆုံးလာရပြီး ရောဂါလက္ခဏာများ ခံစားလာရသည်။ အဓိကအားဖြင့် လတ်တလောအဖြစ် အပျက်များနှင့်ပတ်သက်သည့် မှတ်ဉာဏ်လျော့နည်းလာပြီး နောက်ပိုင်းတွင် နေ့စဉ်ဆောင်ရွက်ဖွယ် ကိစ္စများကိုပင် မဆောင်ရွက်နိုင်ဖြစ်လာသည်။

Vascular Dementia

ဒုတိယအဖြစ် အများဆုံးမေ့လျော့ရောဂါဖြစ်ပြီး   ဦးနှောက်အတွင်း သွေးကြောပိတ်၊ သွေးကြောပေါက် ခြင်းကြောင့် လေဖြတ်ရောဂါခံစားရကာ  အာရုံကြောဆဲလ်များ၏   လုပ်ဆောင်နိုင်စွမ်းကျဆင်းလာခြင်း

ကြောင့် ဖြစ်ရသည်။  အထူးသဖြင့်   စဉ်းစားတွေးခေါ်မှု၊    စီမံခန့်ခွဲမှုအားနည်းလာပြီး   ဟန်ချက် ထိန်းနိုင်မှုနှင့်   ပေါင်းစပ်လုပ်ကိုင်နိုင်စွမ်း ကျဆင်းလာကာ စိတ်ကျဝေဒနာပါ တွဲဖက်ခံ စားရတတ်သည်။

Lewy Body Dementia

ထိုသက်ကြီးသတိမေ့ရောဂါသည်  ပုံမှန်မဟုတ်သောပရိုတင်းများ (Lewy Bodies) ဦးနှောက်တွင် စုပုံလာမှုကြောင့်ဖြစ်လာရပြီး  Parkinson တုံ့တုန်နှေးရောဂါနှင့် တွဲဖက်တွေ့ရှိရသည်။ မေ့လျော့ခြင်းထက် ပြဿနာ များဖြေရှင်းရန်၊ စီမံခန့်ခွဲရန်ခက်ခဲပြီး မိမိရောက်ရှိနေသောပတ်ဝန်းကျင် နေရာကို မသိဘဲဖြစ်တတ်သည်။ အာရုံစူးစိုက်မှုနည်းလာကာ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ အမြင်မှားခြင်းများ ခံစားရသည့်အပြင် အိပ်စက်ရာတွင် အိပ်မက်ဆိုးများမက်၍ ကယောင်ကတမ်းဖြစ်ခြင်း၊ အိပ်စက်ရန်ခက်ခဲ ခြင်းများ ခံစားကြရသည်။ ခံစားရသောဝေဒနာများမှာ ကောင်းတစ်လှည့်၊ ဆိုးတစ်လှည့်ဖြင့် ပြောင်းလဲနေတတ်သည်။

Frontotemporal  Dementia

ထိုသတိမေ့ရောဂါအမျိုးအစားသည် အသက် ၆၅ နှစ်အောက်အသက် ပိုင်းတွင်တွေ့ရှိရပြီး   ဦးခေါင်းရှေ့နှင့်ဘေးဘက်ရှိ    ဦးနှောက်အစိတ် အပိုင်းများကျုံ့လာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်များပြောင်းလဲကာ သူတစ်ပါးကို စာနာနားလည်လိုစိတ်နည်းလာကြသည်။ မိမိကိုယ်ကိုမထိန်းချုပ်နိုင်ဘဲ ပတ်ဝန်းကျင်မှလူများကို ပြစ်တင်ပြောဆိုတတ်သည်။   သူတစ်ပါးပြော စကားများကို နားလည်ရန်ခက်ခဲပြီး ပြောဆိုရန်စကားလုံး ရှာရခက်သည့်အပြင်  အစားအသောက်အကြိုက်ပုံစံ၊  အနေအထိုင်၊ အပြုအမူများပါ ပြောင်းလဲ လာတတ်သည်။

Mixed Dementia

အယ်လ်ဇိုင်းမားနှင့် ဦးနှောက်တွင်း သွေးဖြန့်ဝေမှု နည်းသောကြောင့် ဖြစ်ရသော သတိမေ့ရောဂါများသည် တစ်ခါတစ်ရံတွဲဖက်တွေ့ရတတ်ပြီး ရောဂါလက္ခဏာများမှာ ပို၍သိသာ ဆိုးရွားတတ်သည်။ Parkinson တုံ့တုန်နှေးရောဂါကိုယ်တိုင်ကပင်    အချိန်ကြာလာသည်နှင့်အမျှ သက်ကြီးသတိမေ့ရောဂါ လက္ခဏာများ ပေါ်ပေါက်လာတတ်သကဲ့သို့ တခြားသောဦးနှောက် အာရုံကြော များသည်လည်း   မေ့လျော့ရောဂါလက္ခဏာများ ခံစားရနိုင်သည်။

သက်ကြီးသတိမေ့ရောဂါ ခံစားနေရသော သူများသည် ရောဂါအစတွင် သတိမေ့လွယ်ပြီး  စိတ်ခံစားမှုများ  ပြောင်းလဲလာတတ်သော်လည်း ရောဂါခံစားရမှု ကြာလာသည်နှင့်အမျှ    လုပ်ကိုင် ဆောင်ရွက်နိုင်စွမ်း၊ ပြောဆိုဆက်သွယ်နိုင်စွမ်း အားနည်းလာပြီး အမူအကျင့်များပါ ပြောင်းလဲ လာသည့်အပြင် တစ်ကိုယ်ရေတစ်ကာယ နိစ္စဓူဝကိစ္စများ မဆောင်ရွက်နိုင် ဖြစ်လာသည်။ အစာဝါးခြင်း၊ မျိုချခြင်းတို့ ခက်ခဲလာသဖြင့်  အာဟာရ ချို့တဲ့ခြင်း၊ အလွယ်တကူသီး၍အဆုတ်ရောင်ခြင်း၊ ဟန်ချက်မထိန်းနိုင်သဖြင့် အလွယ်တကူကျိုးပဲ့ဒဏ်ရာရခြင်းတို့ကြောင့် အသက်ဆုံးရှုံးသည် အထိ ဖြစ်လာနိုင်သည်။

သက်ကြီးသတိမေ့ရောဂါလက္ခဏာများကို   သိမြင်ခြင်းဖြင့်   မိမိပတ်ဝန်းကျင်မှ  ဝေဒနာရှင်လူနာများကို  စာနာနားလည်သည်းခံနိုင်ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို   အချိန်နှင့်တစ်ပြေးညီ ကူညီပေးနိုင်စေရန် ရည်ရွယ်ရေးသားလိုက်ရပါသည်။

Photo- Max Health Care