မိဘ၊ ဆရာပူးပေါင်း၍ ကလေးကိုပြုပြင်ပါ
Posted_Date
Image

Body
ကလေးတို့သည် ငယ်စဉ်က ပထမဆရာဖြစ်သော မိဘပတ်ဝန်းကျင်ကို ဖြတ်သန်းရသည်။ ကျောင်းနေသည့်အရွယ်တွင် ဒုတိယဆရာဖြစ်သော ဆရာ၊ ဆရာမတို့နှင့်ထိတွေ့ရသည်။ ဤတွင် ဆရာ၊ ဆရာမများသည် ကလေးအားလုံးကို သာတူညီမျှ တော်စေတတ်စေချင်ကြသည်။ သို့သော် မတစ်ထောင်ဖွားကလေးများသည် တတ်သိလိမ္မာမှုတွင်မတူညီကြပေ။ စိတ်ဓာတ်အခြေခံစရိုက်ချင်းလည်း မတူကြပေ။ ဤသို့ဖြစ်ရခြင်းသည် မိဘပတ်ဝန်းကျင်စရိုက်ပေါ်တွင် များစွာမူတည်နေလေသည်။
ကျွန်တော်တို့သည် ပညာရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင်လည်နေကြရသူများဖြစ်ရာ အခြေခံပညာကျောင်းများတွင် စရိုက်ဗီဇအမျိုးမျိုးကွဲပြားလျက်ရှိသော ကလေးများကို ကြုံတွေ့ကြရစမြဲဖြစ်သည်။
ကလေးတို့၏ ထိုစရိုက်ဗီဇတို့သည် မိဘပတ်ဝန်းကျင်တွင် အခြေတည်စမြဲဖြစ်သည်။ အတန်းထဲတွင် အလွန်ဆိုးလွန်းနွဲ့လွန်းသော ကလေးမျိုးကိုတွေ့ဖူးသည်။ အတန်းဖော်သူငယ်ချင်းတို့နှင့် သဟဇာတမဖြစ်။
အရာရာကို သူကအနိုင်ယူချင်သည်။ အသာရချင်သည်။ ဤကလေးမျိုးသည် ဘိုးဘွားမိဘအလိုလိုက်ခံရသော ကလေးမျိုးဖြစ်နေတတ်သည်။ ကျောင်းဟူသောပတ်ဝန်းကျင်သစ်တွင် အခြားကလေးများနှင့် တွေ့ကြုံရသောအခါ အချင်းချင်း သဟဇာတဖြစ်အောင် မနေတတ်ဘဲ အိမ်မှာသူနေထိုင်ရသည့်အတိုင်း အရာရာအသာစီးရချင်စိတ်ဖြင့် ဗိုလ်ကျစိုးမိုးချင်ကြလေသည်။ သူ့အလိုမကျလျှင် အတူနေကလေးများနှင့် အချင်းများကာ ရန်ဖြစ်လေတော့သည်။ ထိုအခါ ကျွန်တော်တို့ ဆရာ၊ ဆရာမများက ကလေးကိုဆုံးမသွန်သင်ရလေသည်။ ဆုံးမသွန်သင်ရာ၌ ဆရာတစ်ယောက်၏ သြဇာအာဏာကိုသုံးပြီး ကိုယ်ထင်သလို သုံးသပ်ဆုံးဖြတ်ဆောင်ရွက်၍မရပေ။ ပြဿနာဖြစ်သောကလေး၏ အကြောင်းခြင်းရာဇာစ်မြစ်ကို သေချာစွာစုံစမ်းလေ့လာပြီးမှ သင့်လျော်သော ဆုံးမပဲ့ပြင်မှုကိုပြုရသည်။အချို့ကလေးများသည် အိမ်တွင် မိဘ၏ဂရုစိုက်ခြင်းကို မခံရ။
ထိုအခါ သူ့ရင်ထဲတွင် မကျေနပ်စိတ်များခိုအောင်းနေတတ်ပြီး ကျောင်းပတ်ဝန်းကျင်ရောက်သည့်အခါ သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများနှင့် အဆင်မပြေဖြစ်တတ်သည်။ အိမ်တွင် အလိုမကျခဲ့သောစိတ်များဖြင့် ဆရာ၊ ဆရာမစကားကို နားမထောင်ချင်ဘဲ သူငယ်ချင်းများကိုလည်း အနိုင်ကျင့်ဗိုလ်ကျချင်စိတ်များလွှမ်းမိုးနေရာ ကျောင်းပတ်ဝန်းကျင်တွင် လူဆိုးလေးဖြစ်လာရသည်။ မိဘဂရုစိုက်မခံရသော ကလေးများတွင် အခြေခံဇာစ်မြစ်အကြောင်းရင်းအမျိုးမျိုးရှိတတ်သည်။ မိဘက စီးပွားရေးလုံးပန်းနေရသဖြင့် ဂရုစိုက်မခံရသောကလေး၊ မိဘ၏ အိမ်ထောင်ရေးပြဿနာကြောင့် ဂရုစိုက်မခံရသောကလေး၊ မိဘနှင့် ဝေးကွာနေသောကြောင့် ဂရုစိုက်မခံရသောကလေး စသည်ဖြင့် ရှိသည်။ စာရေးသူ၏ တပည့်မတစ်ဦးသည် ဖခင်က နောက်အိမ်ထောင်နှင့်ဖြစ်၍ မိဘနှင့် နီးနီးကပ်ကပ်မနေရ။ ဘိုးဘွားများနှင့်သာနေရပြီး သူ့ကို အချိန်ပြည့်မကြီးကြပ်နိုင်ပေ။ ထိုအခါ ကျောင်းစာကို ပုံမှန်မလုပ်၊ ဖုန်းတစ်လုံးနှင့် ဂိမ်းကို ညပိုင်းညဉ့်နက်သည်အထိ အလွန်အကျွံ ကစားသည်။ ဖုန်းအင်တာနက်အတွင်းမှ မတော်မလျော်သော ဗီဒီယိုများကို ကြည့်သည်။ ထိုသို့ဖြင့် သင်ခန်းစာများ ပုံမှန်မလုပ်နိုင်၊ အိပ်ရေးလည်းပျက်သဖြင့် မလန်းမဆန်းဖြစ်ကာ ကျောင်းမတက်နိုင်။ သင်ခန်းစာများ မလိုက်နိုင်သောအခါ ကျောင်းမတက်ချင်စိတ်များ ဖြစ်လာသည်။ ထို့နောက် ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်မိသူအချို့နှင့် အပြင်၌သွားလာတွေ့ဆုံကာ ဆယ်ကျော်သက်အရွယ်တို့၏စိတ်ကစားခြင်းများဖြင့် မဆီလျော်သော လူမှုအကျင့်အကြံများကို ပြုလုပ်မိသည်။ တာဝန်သိတတ်သော လူကြီးအချို့က ထိုကလေးကို အပြင်တွင် ရုတ်တရက် တွေ့ဆုံမိပြီး ကျွန်တော်တို့ထံအကြောင်းကြားပေးခဲ့သည်။ ကျောင်းက စည်းကမ်းထိန်းသိမ်းရေး ဆရာ၊ ဆရာမအဖွဲ့သည် ထိုကလေးရှိသည့်နေရာသို့လိုက်သွားခဲ့ကြပြီး ကျောင်းသို့ ပြန်လည်ခေါ်ယူထိန်းသိမ်းနိုင်ခဲ့သည်။ ကလေး၏ မိဘထံ အသိပေးအကြောင်းကြားကာ ကလေး၏ လိမ္မာရေးခြားရှိရေး၊ ပညာရေးတို့အတွက် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ရသည်။
တစ်နေ့တွင် ကလေးတစ်ဦး အတန်းထဲ၌ဆူပူသောင်းကျန်းနေသည်ဟု သိရသဖြင့် ကျွန်တော်တို့ကိုယ်တိုင်အတန်းထဲသို့သွားရောက် တွေ့ဆုံကာ အကြောင်းရင်းကိုစုံစမ်းရသည်။ အလယ်တန်းကျောင်းသား အရွယ်သာရှိသေးသောကလေးသည် အမူအရာတစ်မျိုးဖြစ်နေသည်ဟု အကဲခတ်မိသည်။ သို့သော် သံသယဖြစ်ဖွယ်အခြားအကြောင်းရှာမတွေ့။
နောက်မှအနံ့မထွက်သော ယနေ့ယမကာများအကြောင်းစဉ်းစားမိပြီး အသေအချာစစ်ဆေးသောအခါမှ ယမကာသုံးစွဲထားကြောင်း သိရတော့သည်။ ထိုကလေးသည် ယမကာကို မည်သို့ဝယ်ယူရရှိပုံနှင့် သုံးစွဲသည့်နေရာကိုစစ်မေးသောအခါ ဖြစ်ပုံကိုထူးဆန်းအံ့ဩစွာသိရသည်။ ထိုကလေး၏ မိဘသည် ယမကာရောင်းသူဖြစ်ပြီး ယမကာမျိုးစုံ အချိန်မရွေးရသည်ဟုဆိုသည်။ သို့ဖြစ်ရာ မိဘ၏ပတ်ဝန်းကျင်တွင် နေ့စဉ်မြင်တွေ့နေကျဖြစ်ပြီး အလွယ်တကူရရှိသော ယမကာ၏ အကြောင်း ကလေးကစမ်းသပ်သောက်ကြည့်ချင်သည်။ စမ်းသပ်ပြီးသော် ဆက်သောက်ချင်စိတ်သာ လွှမ်းမိုးလာသည်။ ယမကာ၏ ဆိုးကျိုးကိုပြောပြပြုပြင်ပေးမည့်သူမတွေ့မီ ဆက်မှားနေခြင်းဖြစ်သည်။ ဆရာများသိပြီးနောက်ပိုင်းတွင် ကလေး၏မိဘများနှင့် တွေ့ဆုံအသိပေးညှိနှိုင်းစဉ်မှာတော့ ကလေးက ယမကာကို ယူငင်သုံးစွဲနေမှန်းမသိဟု ပြောပြလာသည်။ အကြောင်းစုံသိလျှင်သိချင်း ဆရာ၊ မိဘ၊ ကျောင်းသား သုံးဦးထိုင်၍အဖြေရှာရခဲ့သည်။ မိဘကလည်း သားသမီးကို ဂရုစိုက်ထိန်းသိမ်းမည်၊ ဆရာကလည်း ဆုံးမသွန်သင်မည်၊ တပည့်ကလည်း လိုက်နာရမည်၊ မလိုက်နာဘဲ ဆက်လက်ကျူးလွန်လျှင် ကျောင်းစည်းကမ်းအရ အရေးယူမည်ဟု ၀န်ခံကတိယူရသည်။ သည့်နောက်ပိုင်းတွင်မှ ကလေးအခြေအနေပုံမှန်ဖြစ်ကာ ပညာကို ကောင်းစွာသင်ယူနိုင်ခဲ့သည်။
ကျောင်းခဏခဏပျက်နေသော ကျောင်းသားတစ်ဦး တွေ့ခဲ့ဖူးသေး၏။ ရိုးရိုးသားသားနှင့်စာကြိုးစားသူဟု ဆရာသမားများသိထားကြသည်။ သို့သော် မည်သည့်အကြောင်းမျှမသိရဘဲ ကျောင်းခဏခဏပျက်ကာ စာမလိုက်နိုင်ဖြစ်လာသည်။ ထို့ကြောင့် မိဘကိုခေါ်ယူတွေ့ဆုံရပြန်သည်။ ဖခင်ကိုယ်တိုင်ရောက်လာပြီး ဆရာနှင့်ဆွေးနွေးသည်။
ဖခင်က နောက်အိမ်ထောင်ပြုထားသဖြင့် ကလေးက မိထွေးနှင့် နေထိုင်ရသည်။ လက်လုပ်လက်စားဘဝဖြစ်၍ မျှစ်ချိုး၊ ဝါးခုတ်၊ ပေါင်းနုတ်၊ နှမ်းရိတ်၊ ကောက်ရိတ် စသည်ဖြင့် ကြုံရာကျပန်း အကုန်လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်းပြုရသည်။ မိထွေးက မွေးစကလေးငယ်လေးနှင့် အိမ်မှာရှိပြီး ဖခင်ကနေ့တိုင်းတောထဲအလုပ်သွားရသဖြင့် ကလေးနှင့် အေးအေးဆေးဆေးမတွေ့ဖြစ်။မိထွေးနှင့် အဆင်မပြေတော့ ကျောင်းစာကြိုးစားနေသောကလေးအတွက် အနှောင့်အယှက်ဖြစ်ရသည်။ တစ်ခါတစ်ရံ ဖခင်နှင့်အတူ အဖော်ရရန်တောထဲလိုက်ရသည့်အခါများလည်းရှိသည်။ နောက်ပိုင်း ကလေးကစာမလိုက်နိုင်သည့်အခါ အိမ်ကိုမပြောဘဲကျောင်းလစ်သည်။ တစ်နေရာမှစောင့်၍ သူငယ်ချင်းများကျောင်းဆင်းချိန်တွင် အိမ်သို့ရောနှောပြန်သည်။အကြောင်းစုံသိရသည့်အခါ ကလေး၏ လိုအပ်ချက်များကို ဆရာများက ဖြည့်ဆည်းပေးမည်၊ အိမ်တွင် မိဘက ကြီးကြပ်ထိန်းကျောင်း၍ ကျောင်းမှန်မှန်တက်ရေး ဂရုစိုက်ပေးရမည်ဟု ညှိနှိုင်းဆွေးနွေးကာ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။အချို့ကလေးများသည် မှားယွင်းသောအတွေးကို လက်ကိုင်ပြုလျက် အကောင်းမှတ်ထင်ကာတလွဲဂုဏ်ယူနေတတ်ကြသည်။
၎င်းအချက်သည်လည်း မိဘများ၏ စရိုက်မှားများမှဆင်းသက်လာသည်။ ရပ်ရွာထဲတွင် မိဘအသိုင်းအဝိုင်းက အများရွံ့ကြောက်ရသူများ(လူမိုက်များ)ဟု မကောင်းသတင်းကျော်ကြားသည်။ ထိုအခါ သားသမီးများကလည်း မည်သူမျှယှဉ်ပြိုင်မပြောဝံ့သော၊ အများကြောက်ရွံ့ရသော လူမိုက်ဟူသော မကောင်းသည့်ဂုဏ်ပုဒ်ကို ဂုဏ်ယူစရာဟု ထင်နေသည်။ ထို့ကြောင့် ကျောင်းပတ်ဝန်းကျင်တွင် အများအပေါ် ဗိုလ်ကျစိုးမိုးနိုင်၊ လူမိုက်ဆန်နိုင်မှဂုဏ်ရှိသည်ဟု တလွဲမှတ်ယူနေတော့သည်။ ထိုကလေးမျိုးသည် ဆရာကပင် ဆုံးမသွန်သင်ရခက်တတ်သည်။ လူချင်းယှဉ်လိုက်လျှင် ကိုယ်ကဦးအောင်ချခဲ့ဟု တလွဲသင်မိဘမိုက်အချို့၏စရိုက်ကြောင့်လည်း ကလေးတို့ ရိုင်းပျတတ်ကြသည်။ ထိုကလေးမျိုးကို ဆရာက ခပ်တင်းတင်း ကိုင်တွယ်ဆုံးမရုံသာမက မိဘကိုပါနားလည်အောင်ရှင်းပြ၍ မှန်ကန်သော သွန်သင်ဆုံးမမှုပေးရန် ညှိနှိုင်းရသည်။ မိဘရော ကျောင်းသားပါ နားလည်လိုက်နာသည်နှင့် တစ်ဆစ်ချိုးပြောင်းလဲ၍ လိမ္မာသွားလေတော့သည်။
အချို့ကလေးများသည် မိဘ၏ ကဲကဲလှုပ်တလွဲအလိုလိုက်ခြင်းကို ခံရသည်။ သူ့ကလေးကို မည်သူမျှမထိနှင့်၊ ထိလျှင် ပြဿနာတက်သွားမည်ဆိုသော မိဘအချို့ရှိသည်။ ထိုမိဘမျိုး၏ ကလေးကို ဆရာ၊ ဆရာမလည်း ဆိုဆုံးမရခက်သည်။ ကလေးမှာ အပြစ်ရှိ၍ မလိမ္မာ၍အနည်းငယ် ရိုက်နှက်မိသည်ကိုပင် အပြစ်အနာလုပ်၍ တိုင်ကြားတတ်သည်။
ကိုယ့်ကလေးကို နည်းနည်းလေးမှမထိနှင့်၊ ထိလျှင် တိုင်တောမည်ဖြစ်နေသော မိဘမျိုး၏ကလေးသည် ဆရာတို့ပစ်ပယ်ခြင်းကိုခံရသည်။ ဆရာပစ်ပယ်ထားသောကလေးသည် ပို၍ဆိုးသွမ်းတတ်ပြန်လေသည်။ ထိုသို့မဖြစ်ရန် ဆရာကလည်း ဆရာပီသစွာ ကျောသားရင်သားမခွဲခြားဘဲ ဆိုဆုံးမတတ်ရမည်။ မိဘကလည်း ကိုယ့်ကလေး တတ်သိလိမ္မာရေးအတွက် ဆရာ၊ ဆရာမများအပေါ် အမြင်မှန်ဖို့လိုသည်။ တပည့်ကလည်း ဆရာ၊ ဆရာမ၏ စေတနာ၊ မေတ္တာကို နားလည်သိမြင်လျက် ဆိုဆုံးမမှုကို နှစ်လိုခံယူတတ်ရမည်။ သာဓကအနေဖြင့် တင်ပြရလျှင် မင်းတုန်းမင်းကြီးငယ်စဉ် ဆရာဘုန်းတော်ကြီးထံ မိဘက အပ်နှံသင်ကြားစေသည်။ ဆရာဘုန်းတော်ကြီးက သိမ်းခိုင်းထားသော ငါးခြောက်ပြားပျောက်သည်ကို အကြောင်းပြု၍ တာ၀န်ကျေပွန်ရန်၊နောက်နောင် ဤသို့ မဖြစ်ရန် ပြောဆိုသွန်သင်၍ ရိုက်နှက်ဆုံးမခဲ့သည်။
စည်းကမ်းရိုသေ၍ အသိပညာအတတ်ပညာပြည့်စုံသွားသော ဘုန်းကြီးကျောင်းသားလေးသည် သမိုင်းတွင်ထင်ရှားသော မင်းတုန်းမင်းကြီးဖြစ်ခဲ့သည်။
ဆိုရသော် မိဘတို့သည် သားသမီးကို ကျောင်းပို့ရုံနှင့်တာဝန်မကျေပါ။ ဆရာသည်လည်း ပုံမှန်စာသင်ရုံနှင့် တာဝန်မပြီးပါ။ ကျောင်းသားသည်လည်း မိဘဆရာဆိုဆုံးမစကား နားမဝင်ဘဲ ကိုယ်ထင်ရာကိုယ်လုပ်နေ၍မရပါ။ မိဘသည် သားသမီးကို အမြဲစောင့်ကြပ်ကြည့်ရှု၍ မှန်ကန်သောလမ်းကို ညွှန်နိုင်ရမည်။ ဆရာသည် တပည့်တို့၏ အမူအကျင့်နှင့် ပြဿနာဇာစ်မြစ်ကို မှန်ကန်စွာရှာဖွေ၍ သင်နိုင်၊ ပြင်နိုင်ရမည်။
ထို့ကြောင့် ဆရာသည် တပည့်တို့ကို “နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍” ဆုံးမသွန်သင်ရန် လိုအပ်သကဲ့သို့ မိဘများကလည်း သားသမီးအပေါ်တွင် “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ” မှသာ တတ်သိလိမ္မာသောလူငယ်များဖြစ်လာပေလိမ့်မည်။ ဆရာ၊ မိဘ၊ ကျောင်းသားဟူသော ပညာရေးတြိဂံ၏ အနားများညီနေလျှင် လှပသောပညာရေးတြိဂံအဖြစ် မလွဲမသွေဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။ ။
MWD Web Portal