ယူကရိန်း၊ ရုရှားနှင့် အမေရိကန်တို့၏ သုံးပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ကို သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပရန် သမ္မတ ဒေါ်နယ်ထရမ့် က စီစဉ်နေ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လာမည့် သြဂုတ်လ ၂၂ ရက် ၊ သောကြာနေ့တွင် ရုရှားနှင့် ယူကရိန်းတို့နှင့်အတူ သုံးပွင့်ဆိုင် ထိပ်သီး အစည်းအဝေးတစ်ရပ် ကျင်းပရန် စီစဉ်နေကြောင်း Axios သတင်းဌာန က သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။ သို့သော်လည်း ထိုသို့သော တွေ့ဆုံမှုမှ ကြီးမားသည့် တိုးတက်မှုတစ်စုံတစ်ရာ ထွက်ပေါ် လာရန်မှာ “ဖြစ်နိုင်ခြေနည်းပါးသည်” ဟုလည်း သတင်းက ဖော်ပြထား ပါသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ သမ္မတ ဒေါ်နယ်ထရမ့်သည် အလက်စကာ တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံပြီးနောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် ဥရောပခေါင်းဆောင်များသို့ တယ်လီဖုန်းခေါ် ဆိုစဉ် “လာမည့် သောကြာနေ့၊ သြဂုတ် ၂၂ ရက်တွင် သမ္မတ ဗလာ ဒီမာ ပူတင်နှင့် ဇီလန်စကီးတို့နှင့်အတူ သုံးပွင့်ဆိုင် ထိပ်သီး အစည်းအဝေး တစ်ခု စီစဉ်ရန်” ၎င်း၏ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။
ဒွန်ဘတ်စ်အရေးနှင့် ငြိမ်းချမ်းရေးအစီအစဉ်
The New York Times သတင်းစာကလည်း သတင်းရင်းမြစ်များကို ကိုးကား၍ သမ္မတ ဒေါ်နယ်ထရမ့်သည် အလက်စကာ၌ သမ္မတ ပူတင် နှင့်တွေ့ဆုံပြီးနောက် ဥရောပခေါင်းဆောင်များကို ငြိမ်းချမ်းရေး အစီအစဉ် တစ်ခု တင်ပြခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် ယူကရိန်း သည် လက်ရှိ ရုရှားတပ်များ အပြည်အဝ ထိန်းချုပ်ထားခြင်း မရှိသေးသော ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ရုရှားသို့ လွှဲပြောင်းပေးရန် ပါဝင်ပါသည်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ဇီလန်းစကီးက ဒွန်ဘတ်စ်၏ ကျန်ရှိနေ သေးသော အစိတ်အပိုင်းကို ရုရှားထံ လွှဲပြောင်းပေးရန် သဘောတူပါက ငြိမ်းချမ်းရေးသဘောတူညီချက်ကို အမြန်ဆုံးရရှိနိုင်မည်ဟု ယုံကြည်ကြောင်း သတင်းရင်းမြစ်များက ဆိုပါသည်။
ယင်းအလဲအလှယ်အနေဖြင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသော နယ်နိမိတ် မျဉ်းများအတိုင်း အပစ်အခတ်ရပ်စဲရေး ရရှိမည်ဖြစ်ပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ ပေးအပ်မည်ဟုလည်း ဖော်ပြထားပါသည်။
ကိုးကား - tass