ဥရောပအနေဖြင့် မိမိလုံခြုံရေး မိမိသာ ဂရုစိုက်ရန် ကို အလက်စကာ တွေ့ဆုံပွဲက ပြသနေကြောင်း ဂျာမနီနိုင်ငံရေးသမား သတိပေး
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ သြဂုတ် ၁၅ ရက်က အလက်စကာရှိ Elmendorf-Richardson စစ်စခန်း တွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲမှာ ဥရောပအတွက် အရေးကြီး သော သတင်းစကားတစ်ရပ်ကို ပြောပြလိုက်ခြင်းဖြစ်ကြောင်း ယင်းမှာ ဥရောပသည် မိမိ၏လုံခြုံရေးကိုသာ ဦးစားပေးကာ မိမိ၏အရင်းအမြစ် များအပေါ် အဓိကအားထားရမည်ဆိုသော အချက်ပင် ဖြစ်ကြောင်း ဂျာမနီ Christian Democratic Union ၏ အကြီးအကဲတစ်ဦးဖြစ်သူ Norbert Roettgen က သတိပေးပြောကြားလိုက်ပါသည်။
အမေရိကန်နှင့်ရုရှားတို့ဆွေးနွေးပွဲက ရရှိသော သင်ခန်းစာမှာ ဥရောပသား များအတွက် အဖြေမှာ ရှင်းလင်းနေပါကြောင်း၊ မိမိလုံခြုံရေး မိမိ ကိုယ်တိုင် သာ လုပ်ရန်သာဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရန်မှာလည်း အမေရိကန်မှာမိမိတို့မိတ်ဖက်အဖြစ် ဆက်လက်ရှိနေရန် လိုအပ်ကြောင်း ၎င်းက ထုတ်ဖော် ပြောဆိုထားပါသည်။
အလက်စကာဆွေးနွေးပွဲတွင် ပူတင်သည် များစွာ အကျိုးအမြတ် ရရှိ သွားသည်ကို သတိမူသင့်ကြောင်း၊ ပြန်လည်ပေးဆပ်မည့် ကတိကဝတ် များ မပါရှိဘဲ အမေရိကန်သမ္မတ၏ သံတမန်ရေးရာ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ရုရှားအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအရေးယူမှုများ ချမှတ်ထားသည့် သက်တမ်းကုန်ဆုံးပြီး ဖြစ်သော်လည်း ထိုအရေးယူမှုများကို ဆက်လက်သက်တမ်းမတိုးဘဲ ရှိနေပါကြောင်း Roettgen ထပ်လောင်းရှင်းပြထားပါသည်။
အလားတူစွာပင် ၃ နာရီခန့်ကြာမြင့်သော အလက်စကာ ဆွေးနွေးပွဲတွင် ပူတင်က အနိုင်ရခဲ့ကြောင်း မြူးနစ်လုံခြုံရေးညီလာခံ၏ ယခင်ဥက္ကဋ္ဌ Wolfgang Ischinger ကလည်း သဘောတူကြောင်း ပြောကြားထား ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo Crd to Channel 4