ရုရှားနှင့်ယူကရိန်း သဘောတူညီမှုအတွက် အမေရိကန်အနေဖြင့် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ရူဘီယိုပြောကြား
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရန် သဘောတူညီချက်ကို လက်ခံရန် သို့မဟုတ် ပယ်ဖျက်ရန် ဝါရှင်တန်၌ အခွင့်အာဏာမရှိကြောင်း၊ ၎င်းသည် မော်စကို နှင့် ကိယက်ဗ် တို့၏ ကိစ္စသာဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
"အမေရိကန်ပြည်ထောင်စုတွင် မည်သည့်အရာကိုမဆို လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း အခွင့်အာဏာမရှိပါ။ အဆုံးတွင် ဆုံးဖြတ်ချက် ချမှတ်ပိုင်ခွင့်သည် ယူကရိန်း၏ လက်ဝယ်တွင်သာရှိသည်။ ၎င်းတို့နှင့် ရုရှားတို့သည် တစ်ဦးနှင့်တစ်ဦး သဘောတူညီမှုရရှိရန် လိုအပ်ပါသည်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို က သြဂုတ် ၁၇ ရက် တွင် CBS News သို့ ပြောကြားခဲ့သည်။ ထို့အပြင် ဝါရှင်တန်သည် ပဋိပက္ခ ဖြေရှင်းရေးအတွက် နှစ်ဖက်နီးစပ်လာစေရန် ကြားဝင်စေ့စပ်ကာ ပါဝင် ကူညီပေးနေခြင်းသာဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
ရူဘီယို က သြဂုတ် ၁၅ ရက်တွင် အလက်စကာ၌ ကျင်းပခဲ့သော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် တို့၏ ထိပ်သီး အစည်းအဝေးမှ ရရှိခဲ့သည့် တိုးတက်မှုများကို ချီးကျူးဂုဏ်ပြုခဲ့သော်လည်း၊ သံတမန်လမ်းကြောင်းမှတစ်ဆင့် ပဋိပက္ခကိုအဆုံးသတ်လိုပါက ရုရှား နှင့် ယူကရိန်း နှစ်နိုင်ငံစလုံးမှ အလျှော့ပေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း အားလုံးအလေးထားပြောကြားခဲ့သည်။
"စစ်ပွဲအဆုံးသတ်ရန် ရုရှားအနေဖြင့် ၎င်းလိုချင်သော အချို့အရာများကို မရနိုင်ကြောင်း လက်ခံရမည် ၊ ယူကရိန်းကလည်း အလားတူပင် လျှော့ ပေးရမည်" ဟု နိုင်ငံခြားရေးဝန်ကြီး ရူဘီယို က ပြောကြားခဲ့ပြီး နှစ်ဖက် စလုံးက ယင်းအချက်ကို လက်မခံပါက ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမည်မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အလက်စကာထိပ်သီးအစည်းအဝေးအပြီး ဒေါ်နယ်ထရမ့်က ပဋိပက္ခကို အဆုံးသတ်ရန် ယာယီထက် ပိုမိုကျယ်ပြန့်သော ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိရန် နှစ်ဖက်စလုံးကအလေးထားလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ယူကရိန်းပဋိပက္ခသည် နယ်မြေလျှော့ပေးမှု များနှင့် အမေရိကန်၏လုံခြုံရေးအာမခံချက်များဖြင့် အဆုံးသတ်သွားမည် ဟု ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။
သြဂုတ် ၁၈ ရက်တွင် သမ္မတ ဇီလန်စကီး သည် ဥရောပ ခေါင်းဆောင် အချို့နှင့်အတူ ဝါရှင်တန်သို့သွားရောက်ကာ ထရမ့်နှင့် တွေ့ဆုံမည် ဖြစ်သည်။ ဥရောပခေါင်းဆောင်များ ထရမ့်က ယူကရိန်းကို မလိုလားအပ်သော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို ဖိအားပေးမည်ကို စိုးရိမ် သောကြောင့် အမေရိကန်သို့လာရောက်ကြသည်ဟူသော အဆိုကို နိုင်ငံခြားရေးဝန်ကြီး ရူဘီယို က ပယ်ချခဲ့သည်။
"ဒါကလုံးဝမမှန်ပါ၊ ၎င်းတို့ အမေရိကန်ကိုလာခြင်းက ဇီလန်စကီးကို အနိုင်ကျင့်မခံရအောင် တားဆီးဖို့မဟုတ်ပါ ၊ မိမိတို့ဥရောပနိုင်ငံများနှင့် အတူလုပ်ဆောင်နေ၍သာ ၎င်းတို့လာကြခြင်းဖြစ်ပါသည်" ဟု ရူဘီယို ကပြောကြားခဲ့ပြီး ဥရောပခေါင်းဆောင်များကို ဝါရှင်တန်သို့ ဖိတ်ကြား ခဲ့သည်မှာ အမေရိကန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
သြဂုတ် ၁၇ ရက်တွင် ထရမ့်၏အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် က ရုရှားသည် NATO ၏ဘုံကာကွယ်ရေးသဘောတူညီချက်အရ ယူကရိန်း၏ လုံခြုံရေးကို အမေရိကန်က အာမခံခွင့်ပြုရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။
သံတမန်အရင်းအမြစ်တစ်ခုက NATO အဖွဲ့ဝင်ခြင်းနှင့်ဆင်တူသော လုံခြုံရေးအာမခံချက်များကို ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း "ထိုအဆိုပြုချက်ကို မည်သို့အကောင်အထည်ဖော်မည်နှင့် ပူတင်က ယူကရိန်း၏ NATO ဝင်ရောက်မှုကို အပြင်းအထန်ကန့်ကွက်နေချိန်တွင် အဘယ်ကြောင့်သဘောတူခဲ့သည်ကို မည်သူမျှမသိကြပါ" ဟု အတိအလင်း ပြောကြားခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂