ပြည်ပမှရေနံတင်သွင်းမှု ပမာဏကိုလျှော့ချနိုင်ရန် အင်ဒိုနီးရှားက ရေနံတွင်းဟောင်းများကို ပြန်လည်အသုံးပြုရန် စီစဉ်
အင်ဒိုနီးရှားနိုင်ငံသည် ပြည်ပမှရေနံတင်သွင်းမှု ပမာဏကို လျှော့ချနိုင်ရန်နှင့် လောင်စာဈေးနှုန်း အပြောင်းအလဲဖြစ်ပွားခြင်းကို ရှောင်ရှားရန်အတွက် နိုင်ငံအတွင်းရှိ ရေနံတွင်းဟောင်းများကို ပြန်လည်ပြုပြင်၍ အသုံးပြုရန် စီစဉ်လျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အသုံးမပြုတော့သည့် ရေနံတွင်း ၁၆၉၉၀ တွင်းရှိပြီး ၎င်းတို့အနက် တွင်းပေါင်း ၄၄၉၅ တွင်း၌ ဟိုက်ဒရိုကာဗွန်ထုတ်ယူနိုင်မည့် အလားအလာရှိကြောင်းနှင့် အခြားတွင်းများကိုလည်း လေ့လာမှုများ လုပ်ဆောင်လျက်ရှိကြောင်း စွမ်းအင်နှင့်သတ္တု အရင်းအမြစ် ဆိုင်ရာဝန်ကြီး ဘာလီလာဟာဒါလီယာက ဒီဇင်ဘာလ ၂၉ ရက်တွင် ပြောသည်။
အစိုးရအနေဖြင့် နည်းပညာအသစ်အဆန်းများကို အသုံးပြု၍ တွင်းဟောင်းများမှ ရေနံများထုတ်ယူနိုင်ရေး ကြိုးပမ်းလျက်ရှိရာ အဆိုပါတွင်းဟောင်းများမှ တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၅ သန်းကျော် ထုတ်လုပ်နိုင်သောကြောင့် နိုင်ငံ့ရေနံထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အင်ဒိုနီးရှားနိုင်ငံသည် ၁၉၉၇ ခုနှစ်အတွင်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ယခုအခါ နှစ်စဉ် ပြည်ပမှရေနံ တင်သွင်းရေးအတွက် ရူပီယာ ၅၀၀ ထရီလီယံ (ဒေါ်လာ ၃၁ ဒသမ ၃၃ ဘီလီယံ) ခန့်အသုံးပြုရန် လျာထားလျက် ရှိသည်။
Source: Myawady Web Portal