နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ဇူလိုင် ၃
၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး သီရိရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ တက်ရောက်အားပေးသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီး၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၏ ဇနီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ၏ ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီး၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ အမျိုးသမီးအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်၊ အခွန်အယူခံခုံရုံးအဖွဲ့ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် အမျိုးသမီးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကဏ္ဍအလိုက် ထူးချွန်ဆုရရှိသော အမျိုးသမီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အဖွင့်မိန့်ခွန်းပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်မှုနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip ကို ပြသသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ်အတွင်း ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုချီးမြှင့်ရာ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရေးပြအကောင်းဆုံးဆုရရှိသူ ဒုတိယဗိုလ် ဒေါ်နန္ဒာကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိသူ ဒုတိယဗိုလ် ဒေါ်လပြည့်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ ကာကွယ်ရေးဦးစီးချုပ် (လေ) ၏ ချီးကျူးဂုဏ်ပြုဆုရရှိသူ ဗိုလ်ကြီး ဒေါ်ရွှေဝတ်ရည်တို့ကို ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုဆုချီးမြှင့်
ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက ထူးချွန်အမျိုးသမီးရဲမေဆုရရှိသူ ရဲဒုတိယတပ်ကြပ် လက်ချ်မီးနှင့် ထူးချွန်အမျိုးသမီးကြက်ခြေနီဆုရရှိသူ ဒေါ်လင်းလင်းထိုက်တို့ကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က ၂၀၂၄ ခုနှစ် မသန်စွမ်းအမျိုးသမီးပြေးခုန်ပစ် အားကစားထူးချွန်ဆုရရှိသူ မထက်ထက်အေးနှင့် ၂၀၂၄ ခုနှစ် အမျိုးသမီးပီတန်းအားကစားထူးချွန်ဆုရရှိသူ မခင်ချယ်ရီသက်တို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၏ ဇနီးက ၂၀၂၃ ခုနှစ် အမျိုးသားစာပေဆုရရှိသူ ဒေါ်မြမြသန်း (ကိုယ်စား) ဒေါ်ချိုချိုမော်နှင့် ဒေါ်ခင်ဝတ်ရည်တို့ကိုလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး၏ ဇနီးက ထူးချွန်အမျိုးသမီးဆုရရှိသူ ဒေါက်တာသင်းမျိုးမျိုးအောင်နှင့် အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆုရရှိသူ ဒေါ်ကြွေကြွေဇင် တို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၏ ဇနီးများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့က အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင် ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ၂၀၂၅ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးကျောင်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများမှ ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာအားပေးခဲ့ကြောင်း သိရသည်။
MOI