ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကို ပါလက်စတိုင်းများအတွက် အောင်ပွဲတစ်ခုအဖြစ် အီရန်အစိုးရ ချီးကျူးပြောဆို
အစ္စရေးနှင့် ဟားမက်စ် လက်နက်ကိုင်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပါလက်စတိုင်း ပြည်သူများနှင့် ၎င်း၏ထောက်ခံသူများအတွက် အောင်ပွဲတစ်ခုအဖြစ် အီရန်နိုင်ငံက ချီးကျူးပြောဆိုခဲ့ကြောင်း သိရသည်။ ထို့ပြင် အစ္စရေးနိုင်ငံသည် ၎င်း၏ ကတိဝတ်များကို လေးစားလိုက်နာလိမ့်မည် မဟုတ် ကြောင်း အီရန်အစိုးရက သတိပေးပြောဆိုခဲ့သည်။
အီရန်ဘာသာရေးခေါင်းဆောင် အလီခါမေနီက “ဂါဇာ ကမ်းမြောင်ဒေသမှာရှိသည့် ပြည်သူများ၏ စိတ်ရှည်မှု နှင့် ပါလက်စတိုင်းတို့၏ဇွဲရှိမှုသည် အစ္စရေးအစိုးရကို ဆုတ်ခွာရန် တွန်းအားပေးနိုင်ခဲ့ကြောင်း” ပြောခဲ့သည်။ အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားမှုမှာ အချိန်တစ်နှစ်ကျော်အထိ ရှိလာခဲ့မှုနှင့်အတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်တွင် အပစ်အခတ် ရပ်စဲရေးကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အစ္စရေး-ဟားမက်စ် စစ်ပွဲဖြစ်ပွားမှုနှင့်အတူ လူပေါင်းသောင်းချီ အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ ဂါဇာကမ်းမြောင်ဒေသမှဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီလ ၁၉ ရက်တွင် စတင် အသက်ဝင်မည့် အဆိုပါ သဘောတူညီချက်တွင် အစ္စရေးဓားစာခံများနှင့် ပါလက်စတိုင်း အကျဉ်းသားများကို လွှတ်ပေးရေးတို့ ပါဝင်ကြောင်းလည်း သိရသည်။
အီရန်အစိုးရသည် အစ္စရေးနှင့်ဟားမက်စ် လက်နက်ကိုင်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပါလက်စတိုင်းပြည်သူများအတွက် အောင်ပွဲတစ်ခုအဖြစ် ဂုဏ်ပြုခဲ့ကြောင်းလည်းသိရသည်။ အစ္စရေးသည် ၎င်း၏ စစ်ရေးရည်မှန်းချက်များ မအောင်မြင်မှုနှင့် ထိခိုက်နစ်နာမှုများကြောင့် အဆိုပါသဘောတူညီချက်ကို သဘောတူခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် အစ္စရေးအစိုးရသည် ဟားမက်စ်နှင့် လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာ လက်နက်ကိုင်အဖွဲ့တို့၏ ခေါင်းဆောင်များကို သတ်ဖြတ်ခြင်းအပါအဝင် ၎င်း၏ ရန်သူများအပေါ် ကြီးမားသော ထိခိုက်မှုများရှိအောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ယင်းအဖွဲ့များမှာ လှုပ်ရှားမှုများကို တက်ကြွစွာ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အီရန်စစ်တပ်က အလေးပေးပြောကြားခဲ့သည်။
ကိုးကား-NP News