ထိုင်းနိုင်ငံမှ လောင်စာဆီဝယ်ယူတင်သွင်းမှုရပ်ဆိုင်းမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ပြောကြား

News Image

  • ထိုင်းနိုင်ငံမှ လောင်စာဆီဝယ်ယူတင်သွင်းမှုရပ်ဆိုင်းမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ပြောကြား

ဖနွမ်းပင် ဇွန် ၂၃

အိမ်နီးချင်း ထိုင်းနိုင်ငံမှ လောင်စာဆီ ဝယ်ယူတင်သွင်းမှု အားလုံးရပ်ဆိုင်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

နယ်စပ်အငြင်းပွားမှုပြဿနာတစ်ရပ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်တင်းမာနေချိန်တွင် ထိုင်းနိုင်ငံမှ လောင်စာဆီ ဝယ်ယူတင်သွင်းမှုများ ရပ်ဆိုင်း မည့်အစီအစဉ်ကို ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ကြေညာထားသည်။

မေ ၂၈ ရက်က ပိုင်ဆိုင်ခွင့် အငြင်းပွား နယ်စပ်တစ်နေရာ၌ ထိုင်းနှင့်ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးစတင် တင်းမာခဲ့ရသည်။

ဇွန် ၂၂ ရက် ညသန်းခေါင်ယံ စ၍ ထိုင်းနိုင်ငံမှလောင်စာဆီနှင့် ဓာတ်ငွေ့ဝယ်ယူ တင်သွင်းမှု မှန်သမျှကို စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် က လူမှုမီဒီယာစာမျက်နှာပေါ် ရေးသားထားသည်။

ကမ္ဘောဒီးယားစွမ်းအင်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းစွမ်းအင်ဈေးကွက်အတွက် အခြားနေရာများမှ စွမ်းအင်များကို အလုံအလောက် ဝယ်ယူတင်သွင်းမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောကြားထားသည်။

၂၀၂၁ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှဝယ်ယူ တင်သွင်းခဲ့သည့် ထုတ်ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ၈ ဘီလီယံထိရှိခဲ့ရာ ၂၇ ရာခိုင်နှုန်းကို လောင်စာဆီများဝယ်ယူတင်သွင်းရေးအတွက် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO