ဘလူးအော်ရီဂျင်ကုမ္ပဏီက New Shepard ဒုံးပျံလွှတ်တင်မည့်အစီအစဉ်ကို ပြဿနာနှစ်ရပ်ကြောင့် ဆိုင်းငံ့ထားရ
ဝါရှင်တန် ဇန်နဝါရီ ၂၉
အမေရိကန်နိုင်ငံ အခြေစိုက်ဘလူးအော်ရီဂျင် ကုမ္ပဏီသည် New Shepard ဒုံးပျံလွှတ်တင်မည့် အစီအစဉ်ကို ပြဿနာနှစ်ရပ်ကြောင့် ဆိုင်းငံ့ထားရကြောင်း ဇန်နဝါရီ ၂၈ ရက် သတင်းများအရ သိရသည်။
ဘလူးအော်ရီဂျင်ကုမ္ပဏီသည် မူကလ New Shepard ဒုံးပျံကို ဇန်နဝါရီ ၂၈ ရက်တွင် တက္ကဆက်ပြည်နယ်အနောက်ပိုင်း အာကာသစခန်းမှတစ်ဆင့် လွှတ်တင်ရန်စီစဉ်ထားကြောင်း သိရသည်။
သို့ရာတွင် မိုးတိမ်များထူထပ်နေမှုပြဿနာနှင့် New Shepard ဒုံးပျံ ပျံသန်းရေးစနစ် ပြဿနာကြောင့် လွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားကြောင်း ဘလူးအော်ရီဂျင်ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။
အင်န်အက်စ်-၂၉ ဟူ၍အမည်ပေးထားသည့် New Shepard ဒုံးပျံသည် ဇန်နဝါရီ ၂၈ ရက်မစ်ရှင်တွင် ကမ္ဘာ့လေထုလွှာနှင့် အာကာသဟင်းလင်းပြင်အနားစပ်၌ လကမ္ဘာဒြပ်ဆွဲအားအခြေအနေကို စမ်းသပ်ဖန်တီးရန် စီစဉ်ထားကြောင်း သိရသည်။
အင်န်အက်စ်-၂၉ မစ်ရှင်တွင် ဘလူးအော်ရီဂျင် ကုမ္ပဏီသည် New Shepard ဒုံးပျံကို ဒုံးကန်အားစနစ်များအကူအညီဖြင့် တစ်မိနစ်လျှင် အပတ်ရေ ၁၁ ပတ်နှုန်းလည်ပတ်ခြင်းဖြင့် လဆွဲအားကို ဖန်တီးရန် စီစဉ်ထားသည်။
ဘလူးအော်ရီဂျင်ကုမ္ပဏီသည် New Shepard ဒုံးပျံကို လက်ရှိအချိန်ထိ ၂၈ ကြိမ် လွှတ်တင်ထားပြီး ၁၉ ကြိမ်မှာ အာကာသယာဉ်မှူးများ လိုက်ပါခြင်းမရှိသည့်မစ်ရှင်များဖြစ်ကြောင်း သိရသည်။
Ref: Russia Today ၊ Trs: KKO
Source: ရတနာပုံသတင်းစာ