ပြည်ထောင်စုဘတ်ဂျက် ထောက်ပံ့ငွေနှင့် ချေးငွေများအားလုံး အမေရိကန်အစိုးရ ရပ်ဆိုင်း
အမေရိကန်အိမ်ဖြူတော်ရှိ ဘတ်ဂျက်ဌာနသည် ပြည်ထောင်စုဘတ်ဂျက်ထောက်ပံ့ငွေနှင့် ချေးငွေများအားလုံးကို ရပ်ဆိုင်းထားသည့်အမိန့် ထုတ်ပြန်လိုက်ပြီးဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်နေ့က ပေးပို့လာသည့် ဌာနတွင်းစာချွန်လွှာအရ သိရှိရပါသည်။
ထိုရပ်ဆိုင်းလိုက်သည့်ထောက်ပံ့ငွေများတွင် လူမှုဖူလုံရေးစရိတ်နှင့် ဆေးဝါးအကူအညီထောက်ပံ့ခြင်း၊ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးသည့်စရိတ်၊ အကူအညီများ မပါရှိပါကြောင်း စာချွန်လွှာတွင် ဖော်ပြထားပါသည်။
ထောက်ပံ့ငွေနှင့်ချေးငွေများ ရပ်ဆိုင်းသည့်အမိန့်မှာ ဇန်နဝါရီ ၂၈ရက်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီ တွင် စတင်အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်လိုက်ခြင်းဖြင့် အမေရိကန်အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ထရီလီယံ (ဘီလီယံတစ်ထောင်) ချီအောင် ကုန်ကျမှုလျော့နည်းသွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုဘဏ္ဍာထောက်ပံ့ငွေကို အမေရိကန်လွှတ်တော်က ခွင့်ပြုထားပြီးဖြစ်သော်လည်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ကာ ကန့်သတ် ထိန်းချုပ်လိုက်ခြင်းဖြစ်ပါသည်။
ပြည်ထောင်စုဘဏ္ဍာထောက်ပံ့ငွေနှင့် ချေးငွေထောက်ပံ့မှုများကို ဆိုင်းငံ့ခြင်းက လက်ရှိအမေရိကန်ပြည်ထောင်စုက ထောက်ပံ့ပေးနေသည့် အေဂျင်စီများနှင့် အစီအစဉ်များအားလုံးကို ပြန်လည်ဆန်းစစ်သုံးသပ်သွားမည်ဖြစ်ပြီး ဒေါ်နယ်ထရမ့်၏ ဦးစားပေးအစီအစဉ်များကိုသာ ဥပဒေနှင့်အညီ ရန်ပုံငွေခွဲဝေထောက်ပံ့သွားမည်ဖြစ်ကြောင်း အမေရိကန်အိမ်ဖြူတော်၏ စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ဌာနမှ ခေတ္တဒါရိုက်တာ Vaeth က ပြောကြားထားပါသည်။
ကိုးကား-CNN