ဆီးရီးယားက ရုရှားထံမှ ကရုဏာကြေးရယူလို
ဆီးရီးယား၏ခေါင်းဆောင်သစ်များသည် နိုင်ငံနှစ်နိုင်ငံကြား “ယုံကြည်မှုပြန်လည်ရရှိရန်” ရုရှားထံမှ လျော်ကြေးငွေတောင်းခံနေကြောင်း Sana သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။ လွန်ခဲ့သော ဒီဇင်ဘာလအတွင်းက ဘာရှာအာဆတ်အစိုးရပြုတ်ကျပြီးနောက် ဇန်နဝါရီ ၂၉ ရက်နေ့က ရုရှားသံတမန်များ၏ ပထမဆုံးခရီးစဉ်အတွင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ရုရှားသည် ၂၀၁၁ ခုနှစ်ကတည်းက သမ္မတဟောင်း အာဆတ်ကို ထောက်ခံခဲ့ပြီး ဆီးရီးယားကို လွှမ်းခြုံထားသည့်သူပုန်ထမှုကို ဆန့်ကျင်သည့်စစ်ပွဲများတွင် ပါဝင်ခဲ့သည်။
ယခုအခါ အစ္စလာမ္မစ် ဟေယက်တာဟာအယ်ရှန် (HTS) လှုပ်ရှားမှုကို ဦးဆောင်နေသည့် ဆီးရီးယားအစိုးရသည် မော်စကိုအစိုးရအနေဖြင့် “အတိတ်က အမှားများကို ထည့်သွင်းစဉ်းစားပြီး ဆီးရီးယား ပြည်သူများ၏ဆန္ဒကို လေးစားသင့်သည်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကလည်း ဆီးရီးယားတွင် အပြုသဘောဆောင်သော အပြောင်းအလဲများအတွက် ၎င်း၏ထောက်ခံမှုကို အတည်ပြုခဲ့ပြီး လျော်ကြေး၊ ပြန်လည်တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကဲ့သို့သော ခိုင်မာသောအစီအမံများမှတစ်ဆင့် ဆီးရီးယားပြည်သူများ၏ ယုံကြည်မှု ပြန်လည်တည်ဆောက်ရာတွင် မော်စကိုအစိုးရ၏ အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မီခေးလ် ဘောဂ်ဒန်နော့ဗ်က မော်စကိုနှင့် ဒမတ်စကတ်တို့ အကြား သမိုင်းကြောင်းအရ တည်ငြိမ်ပြီး အပြန်အလှန်အကျိုးရှိသောဆက်ဆံရေးကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲများတွင် ဆီးရီးယား၌ ရုရှား၏စစ်ရေးစခန်းများဖြစ်သည့် ခမဲမင်းနှင့်တာတပ်တို့၏ ဆက်လက်တည်ရှိနေမှုအတွက် တိကျသော သဘောတူညီချက်များ မရရှိခဲ့သေးပေ။ မော်စကိုသည် ခမဲမင်းလေတပ်စခန်းနှင့် တာတပ်ရှိ ထောက်ပံ့ပို့ဆောင်ရေးစင်တာတစ်ခုကို မြေထဲပင်လယ်ကမ်းရိုးတန်းတွင် တည်ထားသည်။ ၂၀၁၇ ခုနှစ်က ရုရှားနှင့်ဆီးရီးယားတို့သည် မော်စကို၏ တပ်များကို ၄၉ နှစ်ကြာ တပ်စွဲထားရန် သဘောတူညီခဲ့ကြသည်။ ရုရှားပိုင်အဆောက်အအုံများ၏ အနေအထားမှာ ပြောင်းလဲခြင်းမရှိကြောင်း သံတမန်က ပြောကြားခဲ့သည်။
ရုရှားသံတမန်များက ဆီးရီးယားလျော်ကြေးတောင်းခံမှုအပေါ် လိုက်လိုက်လျောလျောပြောခဲ့သော်လည်း ကရင်မလင်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်ကမူ မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိခဲ့ပေ။ ဒမတ်စကတ်အစိုးရဘက်မှ ရုရှားကဲ့သို့ အင်အားကြီးနိုင်ငံနှင့် ဆက်လက်လက်တွဲရန်အတွက် မဟာဗျူဟာမြောက် အစီအစဉ်များရှိကြောင်း ထုတ်ဖော်ခဲ့ဖူးကြောင်း သိရှိရပါသည်။
ကိုးကား-Myanmar National Post