ဘယ်လာရုစ်သမ္မတ လူကာရှန်ကို အကျဉ်းသား ၁၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး
မင့်စ် ဇူလိုင် ၂
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အကြမ်းဖက်ဝါဒ ကျူးလွန်မှုအပါအဝင် ပြစ်မှု အမျိုးမျိုးဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၆ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ဘယ်လာရုစ်နိုင်ငံပိုင်မီဒီယာများက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
သမ္မတ လူကာရှန်ကိုသည် ဘယ်လာရုစ် လွတ်လပ်ရေးနေ့ မတိုင်မီ အဆိုပါအကျဉ်းသား ၁၆ဦး ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုသည် အနောက်အုပ်စုနှင့် ဆက်ဆံရေးပြန်လည်ပြင်ဆင်ရန်ကြိုးပမ်းသည့်အနေဖြင့် ပြီးခဲ့သည့်နှစ်ကလည်း အကျဥ်းသား
၃၀၀ကျော်ကို ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
အနောက်အုပ်စုနိုင်ငံများသည် ဘယ်လာရုစ်နိုင်ငံအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များဖြင့် အရေးယူပိတ်ဆို့မှုများပြဋ္ဌာန်းထားသည်။
သမ္မတလူကာရှန်ကိုက ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့် အကျဉ်းသားများတွင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးရှစ်ဦးတို့ ပါဝင်ကြောင်း ဘယ်လာရုစ်အစိုးရ မီဒီယာများ၏အဆိုအရ သိရသည်။
ဘယ်လာရုစ်နိုင်ငံကို နှစ်ပေါင်း ၃ဝ ကျော်ဦးဆောင်ခဲ့သည့် သမ္မတ လူကာရှန်ကိုသည် ရုရှားသမ္မတ ပူတင်၏အဓိကမဟာမိတ်တစ်ဦး ဖြစ်ကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper