ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းတရားရုံး ခွင့်ပြု

News Image

  • ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းတရားရုံး ခွင့်ပြု

ထိုင်းတရားရုံးသည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မလေးရှားနိုင်ငံသို့ သွားရောက်ရန်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ သက်ဆင်သည် လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏ အာဆီယံအဖွဲ့နှင့်ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာအကြံပေးအဖြစ် ခန့်အပ်ခံထားရကြောင်း သိရသည်။ သက်ဆင်ကို မလေးရှားနိုင်ငံသို့သွားရောက်ခွင့် ပေး၊ မပေး ဆိုသည့်အချက်နှင့် ပတ်သက်ပြီး တရားရုံးဆုံးဖြတ်ချက်ကြားနာပွဲသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းတရားရုံးက သက်ဆင်ကို မလေးရှားနိုင်ငံသို့ သုံးရက်ကြာ သွားရောက်ခွင့်ပေးမည်ဖြစ်သော်လည်း ထိုင်းဘတ် (၅) သန်း အာမခံပေးရမည်ဟု ဆုံးဖြတ် ခဲ့ကြောင်းသိရသည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ပြည်ပြေးအဖြစ် နှစ်ပေါင်းများစွာကြာ ပြည်ပတွင်နေထိုင်ခဲ့ပြီး ၎င်းတည်ထောင်ခဲ့သော ဖြူထိုင်း ပါတီအာဏာရချိန်တွင် မိခင်နိုင်ငံသို့ ပြန်လာကာ ကျခံရမည့်ပြစ်ဒဏ်များကို လက်ခံခဲ့ကြောင်း သိရသည်။

တရားရုံးဆုံး၏ဆုံးဖြတ်ချက်သည် သက်ဆင်နှင့်ပတ်သက်၍ ထိုင်းဘုရင့်နန်းတော်၏ဆုံးဖြတ်ချက်ကို ထိခိုက်မှုရှိမည်မဟုတ်ကြောင်းပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရစ်ကလည်း တရားရုံးတွင် မလေးရှားနိုင်ငံသို့သွားရောက်မည့် သက်ဆင်၏ခရီးစဉ်ကို ထောက်ခံပေးခဲ့ကြောင်းသိရသည်။ ထိုင်းဘုရင့်နန်းတော်သည် သက်ဆင်ကို လွန်ခဲ့သောနှစ် ဇွန်လက သက်ညှာခွင့်ပေးထားပြီး သက်ညှာခွင့်အမိန့်တွင် တရားရုံးခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံသို့သွားရောက်ခွင့် ပေးမည်မဟုတ်ဟု ပါရှိကြောင်းသိရသည်။

လက်ရှိအချိန်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော မလေးရှားနိုင်ငံဝန်ကြီးချုပ် အီဘရာ ဟင်သည် သက်ဆင်ကို ပုဂ္ဂိုလ်ရေးအကြံပေးအဖြစ် ခန့်အပ်ခဲ့ကြောင်းမကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံသို့ သွားရောက်မည့် သက်ဆင် ၏ ခရီးစဉ်အတွင်း မည်သည့်ကိစ္စကို ဆွေးနွေးမည်ဆိုသောအချက်ကို အတိအကျမသိသေးကြောင်း သိရသည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရာ မြန်မာအရေးကို အဓိကထားဖြေရှင်း ရဖွယ်ရှိနေကာ အတွေ့အကြုံရင့်ကျက်သော ထိုင်းဝန်ကြီးချုပ်ဟောင်းကို အကြံပေးအဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်။ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် သက်ဆင်တို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်အတွင်း မြန်မာအရေးကိုထည့်သွင်းဆွေးနွေးဖွယ်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ကိုးကား-NP News