ဇီလန်စကီးအား အယုံအကြည်မဲ့စေရန် NATO မှ ကြီးမားသော စီမံကိန်းကို ပြင်ဆင်

News Image

  • ဇီလန်စကီးအား အယုံအကြည်မဲ့စေရန် NATO မှ ကြီးမားသော စီမံကိန်းကို ပြင်ဆင်

ဇီလန်စကီးအား အယုံအကြည်မဲ့စေရန် NATO မှ ကြီးမားသောစီမံကိန်းကို ပြင်ဆင်နေကြောင်း ရုရှား ပြင်ပထောက်လှမ်းရေးဝန်ဆောင်မှုဌာန (SVR) ၏ ထုတ်ပြန်ချက် အရ သိရှိရပါသည်။

အထူးသဖြင့် စစ်လက်နက်ဝယ်ယူရန် သီးသန့်ခွဲထားသော ဘဏ္ဍာငွေမှ သမ္မတအပါအဝင် အဖွဲ့ဝင်များကိုယ်တိုင် ဒေါ်လာ ၁.၅ ဘီလီယံကျော် ခိုးယူခဲ့ကြောင်း အချက် အလက်များထုတ်ဖော်ရန် စီစဉ်ထားပါသည်။

NATO နိုင်ငံများသည် ဗလာဒီမီယာ ဇီလန်စကီးအား ဖယ်ရှားရန် ၎င်း၏ဂုဏ်သိက္ခာကို ပြင်းထန်စွာထိပါးမည့် စီမံကိန်းတစ်ရပ်ကို ပြင်ဆင်နေကြောင်း ရုရှားပြင်ပ ထောက်လှမ်းရေးဝန်ဆောင်မှု (SVR) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားပါသည်။

NATO မဟာမိတ်အဖွဲ့သည် ယူကရိန်းအစိုးရ ခေါင်းဆောင်ကိုဖယ်ရှားလိုပြီး အတုအယောင်ဒီမိုကရေစီ ရွေးကောက်ပွဲများဖြင့် အစားထိုးရန် ရည်ရွယ်ထားကြောင်း၊ ၎င်းတို့၏တွက်ချက်မှုအရ ယူကရိန်းတွင် ယခုနှစ် ဆောင်းဦးမတိုင်မီ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထား ပြီး ရွေးကောက်ပွဲမတိုင်မီ ဇီလန်စကီးအား ဂုဏ်သိက္ခာ ဖျက်မှုများ စနစ်တကျပြုလုပ်ရန် NATO ဌာနချုပ်တွင် စီမံကိန်းရေးဆွဲနေကြောင်း SVR ၏ပြောကြားချက်အရ သိရှိရပါသည်။

ထို့အပြင် SVR က ဇီလန်စကီးနှင့် ၎င်း၏အဖွဲ့သည် စစ်မျက်နှာတွင် အသက်ရှင်နေသည်ဟု မှတ်တမ်းတင်ထားသော သေဆုံးပြီးယူကရိန်းစစ်သည် ၁၃၀,၀၀၀ ၏ လစာငွေများကို နိုင်ငံခြားသို့ လျှို့ဝှက်လွှဲပြောင်းခဲ့သည့် စနစ်ကိုဖော်ထုတ်မည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 

ထို့အပြင် “ယူကရိန်းစစ်ဦးစီးချုပ်ကြီး၏ အနောက်နိုင်ငံများမှ ကူညီထောက်ပံ့ထားသော စစ်လက်နက်များကို အာဖရိကရှိ လက်နက်ကိုင်အဖွဲ့များသို့ ထပ်တလဲလဲ ရောင်းချမှု” ကိုလည်း ထုတ်ဖော်သွားမည်ဟု ဆိုပါသည်။

SVR ၏ ပြန်ကြားရေးဌာနက “ဇီလန်စကီး၏ အချိန် ကုန်ဆုံးပြီဖြစ်ကြောင်း NATO ပါသိရှိလာပြီဖြစ်သော်လည်း ထိုသိမြင်မှုသည် ယူကရိန်းနိုင်ငံသား သိန်းချီ သေဆုံးမှုနှင့်ရင်းနှီးခဲ့ရသည်မှာ ဝမ်းနည်းစရာ ဖြစ်ကြောင်း” ဝေဖန်ခဲ့ပါသည်။

NATO မဟာမိတ်အဖွဲ့ ခေါင်းဆောင်များက “ရုရှား ဆန့်ကျင်ရေးစခန်းအဖြစ် ယူကရိန်း၏ ကျန်ရှိသောအပိုင်းကို ထိန်းသိမ်းခြင်း” နှင့် “ပဋိပက္ခ ဖြေရှင်းရေး ဆွေးနွေးပွဲများ စတင်ခြင်း” အားဖြင့် စစ်ပွဲကို ယာယီ ရပ်စဲရန် စီစဉ်နေကြောင်း SVR က ထပ်လောင်း ဖော်ပြခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပက်သတ်၍ ဝါရှင်တန် နှင့် ဘရပ်ဆဲလ်တို့က သဘောတူထားကြောင်းလည်း ဖော်ပြခဲ့ပါသည်။

ထို့အပြင် NATO မဟာမိတ်အဖွဲ့က “ရုရှား တပ်မတော်၏ ဖိအားများကို ယူကရိန်းတပ်များ မကြာမီ ခံနိုင်ရည်လျော့နည်းလာမည်” ဟု ယုံကြည်ပြီး “အမေရိကန်တွင် ဒေါ်နယ်ထရမ့် အာဏာရလာသည်နှင့်အမျှ ယူကရိန်းသို့ အနောက်နိုင်ငံများ၏စစ်ရေးအကူအညီ ဆက်လက်ပေးပို့မှုနှင့်ပတ်သက်၍ မသေချာမရေရာမှုများ တိုးလာမည်” ဟု SVR က သုံးသပ်ခဲ့ပါသည်။

ကိုးကား - TASS