ဆီးရီးယား ယာယီသမ္မတနှင့် ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသားတို့ Riyadh မြို့တွင် တွေ့ဆုံ

News Image

  • ဆီးရီးယား ယာယီသမ္မတနှင့် ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသားတို့ Riyadh မြို့တွင် တွေ့ဆုံ

ဆီးရီးယားနိုင်ငံ၏ ယာယီသမ္မတ Ahmed al-Sharaa သည် ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား Mohammed bin Salman နှင့် အကြောင်းအရာများစွာ ဆွေးနွေးခဲ့သည်ဟု ဆီးရီးယားသမ္မတရုံးက ပြောပါသည်။

နိုင်ငံ၏အနာဂတ်တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီလိုသည့် ဆော်ဒီအာရေးဗီးယား၏ စစ်မှန်သည့်ဆန္ဒကို Sharaa က သိမြင်ခံစားခဲ့ရသည်ဟု အဆိုပါရုံးက ပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးမှုကို ဆော်ဒီအာရေးဗီးယားနိုင်ငံမြို့တော် Riyadh ၌ ပြုလုပ်ခဲ့ကြောင်း ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနက ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီလတွင် လက်ရှိရာထူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီးနောက် Sharaa ၏ ပထမဆုံး နိုင်ငံခြားခရီးဖြစ်ပါသည်။

ကာတာအခြေစိုက်ရုပ်သံလိုင်း Al Jazeera က ဆီးရီးယား ယာယီသမ္မတသည် ဆော်ဒီအာရေးဗီးယား တွင် နှစ်ရက်နေထိုင်ရန်စီစဉ်ထားသည်ဟု ဆိုပါသည်။

ကာတာနိုင်ငံ ခေါင်းဆောင် Amir Sheikh Tamim bin Hamad Al Thani နှင့် Sharaa တွေ့ဆုံပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့တွေ့ဆုံမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

Sharaa သည် ချမ်းသာကြွယ်ဝသည့် ပင်လယ်ကွေ့ နိုင်ငံများနှင့် ဆက်ဆံရေးခိုင်မာရန် ကြိုးပမ်းနေကြောင်း လေ့လာသူများက ဆိုပါသည်။

နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ဘေးမှ ဆီးရီးယားကို ပြန်လည်ထူထောင်နိုင်ရေး အဆိုပါ နိုင်ငံများက ကူညီရန် ယာယီသမ္မတကလိုလားကြောင်း လေ့လာသူများက ယုံကြည်လျက်ရှိပြီး Sharaa ၏ Hayat Tahrir al-Sham (HTS) အဖွဲ့သည် ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရတာဝန်ခံ အဖွဲ့အစည်း ဖြစ်သည်။

HTS ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် ဒီဇင်ဘာလအတွင်း သမ္မတ Bashar al-Assad အစိုးရကို ဖြုတ်ချပြီးနောက် ၎င်းအဖွဲ့သည် နိုင်ငံတည်ဆောက်ရေးကြိုးပမ်းမှုများကို ဦးဆောင်နေပါသည်။

ကိုးကား-NHK World