အမေရိကန်က ယူကရိန်းတွင် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်းပြော

News Image

  • အမေရိကန်က ယူကရိန်းတွင် ရွေးကောက်ပွဲ ကျင်းပစေလိုကြောင်းပြော

အမေရိကန်က ယူကရိန်းနိုင်ငံတွင် သမ္မတနှင့် လွှတ်‌တော်ရွေးကောက်ပွဲများကို ယခုနှစ်ကုန်၌ ကျင်းပစေလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ယူကရိန်းပဋိပက္ခအတွက် အထူးသံတမန် ကိတ်ကယ်‌လော့၏ ပြောကြားချက်များကိုကိုးကားပြီး ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ အစီရင်ခံစာအရ ကိတ်ကယ်လော့နှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများသည် ရုရှားနှင့်အလားအလာရှိသော အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယူကရိန်း၌ ရွေးကောက်ပွဲများလုပ်ဆောင်နိုင်ရေး တောင်းဆိုရန်အတွက် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

ထို့အပြင် ယူကရိန်း၌ သမ္မတနှင့်လွှတ်တော် ရွေးကောက်ပွဲများ လုပ်ဆောင်ပြီးရန် လိုအပ်သည်ဟု ကိတ်ကယ်လော့က ပြောကြားခဲ့ပြီး ဒီမိုကရက်တစ် နိုင်ငံအများစု၌ စစ်ပွဲဖြစ်ပွားနေသည့် ကာလမှာပင် ရွေးကောက်ပွဲများရှိပြီး ယူကရိန်းတွင်လည်း ဤကဲ့သို့ လုပ်ဆောင်ရန် အရေးကြီးသည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ယူကရိန်းတွင် ၂၀၂၃ ခုနှစ်၊ ‌အောက်တိုဘာလနှင့် ၂၀၂၄ ခုနှစ်၊ မတ်လ တို့တွင် ကျင်းပရန်စီစဉ်ထားသည့် လွှတ်တော်နှင့် သမ္မတရွေးကောက်ပွဲများကို ရုရှားနှင့်စစ်ပွဲ ဖြစ်ပွားနေမှုနှင့်အတူ စစ်အုပ်ချုပ်‌ရေးဥပဒေပြဋ္ဌာန်းထားချိန်အတွင်း ကျင်းပဖြစ်မည်မဟုတ်ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဇီလန်စကီးက စစ်အုပ်ချုပ်ရေးဥပဒေကို စတင်ပြဋ္ဌာန်းခဲ့ခြင်းလည်းဖြစ်သည်။

ကိုးကား-NP News